Wednesday, July 21, 2010

မြန်မာဘက်မှတဖက်သတ်နယ်စပ်ဂိတ်ပိတ်ထားသောကြောင့် ထိုင်းကုန်သည်များ အခက်အခဲတွေ့နေခြင်း

ဇူလိုင်လ ၂၁ အေးဇော်(ဧရာဝတီ)
မဲဆောက်အနီး ထပ်အပ်ရွာနားမှာ သောင်းရင်းမြစ်ကမ်းဘေး ရေတိုက်စားမှု ကာကွယ်ရန် မြေထိန်းနံရံ တည်ဆောက်မှုကို အကြောင်းပြပြီး စစ်အစိုးရဘက်မှ မြ၀တီနယ်စပ်ဂိတ်အား ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး ပိတ်ထားခဲ့သဖြင့် ထိုင်းနိုင်ငံဘက်မှ မြန်မာဘက်သို့ ပို့ဆောင်မည့် ကုန်ပစ္စည်းမျိုးစုံ မြ၀တီတစ်ဖက်ကမ်းတွင် စုပုံနေသည်။ မြန်မာဘက်မှ တဘက်သတ် နယ်စပ်ပိတ်ထားခြင်းပြသနာကို ဆွေးနွေးအဖြေရှာရန်အတွက် ဇူလိုင်လ ၁၉ ရက်နေ့က မဲဆောက်မြို့အထွေထွေအုပ်ချုပ်ရေးရုံး၊ အစည်းအဝေး ခန်းမမှာ ထိုင်းစစ်တပ် အမှတ်(၃)စစ်တိုင်း လက်အောက်ခံ ထိုင်းမြန်မာနယ်စပ် ကော်မတီ (TBC) ဥက္ကဌ ဗိုလ်မှူးကြီး ဖဒုံးရင်းဖိုင်ဖွန်ဆွပ် ဦးစီးပြီး မဲဆောက်၊ ဖုတ်ဖ၊ အုန်းဖန်၊ သာဆောင်ရမ်း၊ မလ်မတ် မြို့နယ်အသီးသီးမှ အုပ်ချုပ်ရေးမှူးများ စီးပွားရေးလုပ်ငန်းရှင်များ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးမှာ TBC ဥက္ကဌ ဗိုလ်မှူးကြီး ဖဒုံးရင်းဖိုင်ဖွန်စွပ်က “ ယခုနယ်စပ်ဂိတ် ပိတ်ခြင်းဟာ ထိုင်းဘက်ကိုကြိုတင် အကြောင်းမကြားဘဲ မြန်မာက တဘက်သတ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သူ့အနေနဲ့ ဂိတ်ပိတ်ရတဲ့အကြောင်းရင်းကို သိရှိရန် မြန်မာဘက်သို့ စာ (၂) ကြိမ်ပေးပို့ ဆက်သွယ်ခဲ့ သော်လဲမြန်မာဘက်မှ လက်မ ခံခဲ့ကြောင်း ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ပြန်ဖွင့်ဖို့ အတွက် TBC အဆင့်နှင့် ဆောင်ရွက်၍ မရနိုင်ကြောင်း ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ ထိခိုက်နစ်နာဆုံးရှုံးမှု များကို မိမိ အနေဖြင့် နားလည် ကြောင်း၊ နယ်စပ်ဂိတ် ပြန်ဖွင့်ရေးအတွက် ထိုင်း-မြန်မာ ဒေသခံနယ်စပ် ကော်မတီ TBC အနေဖြင့် နည်းမျိုးစုံဖြင့် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ” ရှင်းလင်း ပြောကြား ခဲ့ပါသည်။
မြန်မာဘက်မှ တဘက်သက်နယ်စပ်ဂိတ် ပိတ်ထားခြင်းကြောင့် မဲဆောက်ဘက်ကမ်းရှိ “ယင်းမေ” ဈေးတန်းတလျောက်မှာ ထိုင်းကုန်တင်ကားကြီးများ ရှည်လျားစွာစောင့်ဆိုင်း နေကြောင်း သိရှိရသည်။

သတင်းပေးပို့သူ မဲဆောက်မှ ကိုအေးဇော်အား ကျေးဇူးတင်ပါသည်။

No comments: