ဘန်ကောက်မြို့ပေါ်မှာ ဇူလိုင် (၂၅) ရက်နေ့က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ထိုင်း-မြန်မာနယ်စပ်အပါအ၀င် အရေးပေါ်ဥပဒေပြဌာန်းထားတဲ့ ပြည်နယ် (၁၆)ခုကို အရေးပေါ်အမိန့် ဆက်လက်ထားရှိမယ်လို့ ထိုင်းအာဏာပိုင်များက ဇူလိုင် (၂၇) ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် နယ်စပ်မှာလာတဲ့ သတင်းများအရ ထိုင်းအမှတ်(၃)စစ်တိုင်းမှူး ဗိုလ်ချုပ်ကြီး နိုင်ထနွန်ဆာ့အဖိလာ့ယူထီက ဇူလိုင် (၃၁) ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံပြီး KNU တပ်ဖွဲ့ဝင်များနဲ့ ဒုက္ခသည် စခန်းရှိကရင်လူမျိုးများ ထိုင်းနိုင်ငံရေးမှာပါဝင်လှုပ်ရှားမှုမပြုရန်၊ မြ၀တီနယ်စပ်ဂိတ်ကို စစ်အစိုးရမှ တဖက်သတ်ပိတ်ဆို့မှုကြောင့် ထိုင်းနယ်စပ်လုံခြုံရေးအခြေအနေအရမှာ KNU တပ်ဖွဲ့ဝင်များ လက်နက်ဖြင့် လှုပ်ရှားသွားလာမှုများ မပြုလုပ်ရန်၊ စစ်အစိုးရများ၊ DKBA တပ်ဖွဲ့များ၏ ထူးခြားလှုပ်ရှားမှုကို ထိုင်းတပ်မတော်သို့ အသိပေးရန် ပြောကြားခဲ့ပါသည်။
KNU အနေဖြင့် အနီရောင်လှုပ်ရှားမှုသတင်းများကို ငြင်းပယ်ခဲ့ပြီး၊ DKBA တပ်ဖွဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံမှုကြောင့် တပ်မဟာ(၅)နယ်မြေအတွင်း စစ်ရေးတင်းမာမှုရှိနေကြောင်း၊ မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ထားမှုကြောင့် သောင်းရင်းမြစ်တစ်လျှောက် ကူးတို့ဆိပ်ဖွင့်ပြီး ဂိတ်ကြေးကောက်ခံမှု ၀င်ငွေမရှိဖြစ်နေကြောင်းနှင့် အသစ်ထွက်ပြေးလာသော ဒုက္ခသည်များအတွက် အလှူငွေများ လိုအပ်လျက်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်ပိတ်ဆို့မှုရှိတိုင်း ထိုင်းတပ်မတော်နဲ့ ထိုင်းနယ်စပ်အုပ်ချုပ်ရေးတာဝန်ရှိသူများက စစ်အစိုးရ အတိုက်အခံများနဲ့ တော်လှန်ရေးနယ်မြေရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို စည်းကမ်းတည်းကျပ်မှုများ ပြုလုပ်နေကြဖြစ်လို့ ထိုင်းအမှတ်(၃) စစ်တိုင်းမှူးရဲ့ သတိပေးပြောကြားမှုများဟာ ထူးခြားတဲ့ ကိစ္စမဟုတ်ကြောင်း နယ်စပ်စစ်ရေး လေ့လာသူများက သုံးသပ်ထားကြပါတယ်။

No comments:
Post a Comment