တာချီလိတ်၊ ဇန်န၀ါရီလ ၂၃ ရက်
ဇန်န၀ါရီလ ၂၂ ရက်နေ့၊ နေ့လည် ၁ နာရီခန့်က တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါခေါင်ကြီး ကျေးရွာမှ ဦးအားဆော်နှင့် ဦးဆူလာချိုင်းတို့ နှစ်ဦးသည် ထိုင်းနိုင်ငံအတွင်းရှိ နတ်ဆရာအား သွားရောက် ပင့်ဆောင်စဉ် ထိုင်း- မြန်မာနယ်စပ်တွင် ထိုင်းရဲများမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
၎င်းနောက် ထိုင်းရဲများမှ ပါခေါင်ကြီးကျေးရွာသို့ ဖုန်းဆက်ပြီး ဦးအားဆော်တို့အား ဘတ်ငွေ ၃၀၀၀၀ ဖြင့် လာရောက်ရွေးယူဖို့ အကြောင်းကြားခဲ့ပါတယ်။ ပါခေါင်ကြီးကျေးရွာမှ ရွာသား ၁၅ ဦးခန့်မှ ပြန်လည်ရွေးယူဖို့ သွားရောက်ခဲ့ပါတယ်။ ရွာသားများတွင် တူမီး သေနတ် ၅ လက်ပါသွားခဲ့ပါတယ်။ ဒါကို ထိုင်းရဲများက မြင်တွေ့သွားပြီး ၄င်းတို့အား ပစ်ခတ်ရန်လာသည်ဟု ထင်မြင်ကာ စခန်းအ၀င်တွင် သေနတ်များဖြင့် ပစ်ခတ်ခဲ့ ပါတယ်။ ရွာသားများမှလည်း ပြန်လည် ပစ်ခတ်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ ထိုင်းရဲများပတ်ခတ်မှုကြောင့် ပါခေါင်ကြီးရွာသား ယာကျိုးမှာ ထိုင်းစခန်းရှေ့တွင် သေဆုံးကျန်ခဲ့ပြီး အားကျိုးမှာ တာချီလိတ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပါတယ်။
ပါခေါင်ကြီးရွာသားတစ်ဦးက “ ထိုင်းရဲတွေက ကျွန်တော်တို့ကို အနိုင်ကျင့်တာများနေပြီ၊ ခုဦးအားဆော်တို့ကလည်း နတ်ဆရာသွားပင့်တာ ခါတိုင်းလည်း သွားနေတာပဲလေ။ ခုသွားတော့ ဖမ်းထားပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းလို့ ရွာကသွားရွေးတော့ သေနတ်နဲ့ ပစ်လိုက်တာ ၂ ယောက်သေသွားတယ်။ ” လို့ပြောကြားခဲ့ပါတယ်။ ဖြစ်စဉ်တွင် ရွာသားများယူဆောင်သွားသော တူမီးသေနတ်များအကြောင်းကို မေးမြန်းခဲ့ရာ “ ကျွန်တော်တို့က ကာကွယ်ဘို့ ယူသွားတာပါ။ သူတို့ကို အန္တရာယ်မပြုပါဘူး။ အရင်ကလည်း အဲလို သွားရွေးတယ်ဆိုရင် ရိုက်တာနှက်တာတွေလုပ်လေ့ရှိတယ်။ ပိုက်ဆံလည်း ယူထားတယ်။ လူတွေကိုလည်း ရိုက်နှက်ပြီးမှ ပြန်လွှတ်လိုက်တယ်။ ” လို့ ပါခေါင်ကြီး ရွာသား ဦးအားဆောင်ကပြောကြားခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဦးအားဆော်နှင့် ဦးဆူလာချိုင်းတို့ ၂ ဦး သတင်းမှာ ခုထိမကြားရသေးကြောင်း သိရပါတယ်။ ယခင်ကလည်း နယ်စပ်ရှိမြန်မာတိုင်းရင်းသားများနှင့် ထိုင်းရဲများကြား ပြဿနာများ မကြာခဏဖြစ်ပွားခဲ့သော်လည်း ယခုကိစ္စမှာ လူသေသည်အထိဖြစ်ပွားခဲ့သဖြင့် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆွေးနွေးပွဲ ( TBC- Township Border Committee ) တွင် တင်ပြဆွေးနွေးသွားမယ်လို့ စစ်ဘက်ဆိုင်ရာ အသိုင်းအ၀ိုင်းမှ ကြားသိရပါတယ်။
No comments:
Post a Comment