Wednesday, January 18, 2012

ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်အရေး ပြန်လည်တင်းမာ


ဇန်န၀ါရီလ ၁၆ရက်နေ့ နံနက် ၁၀၀၀ ချိန်တွင် ကမ္ဘောဒီးယားနယ်စပ်ရှိ ဖရ၀ိဟန်ရှေးဟောင်း ဘုရားရှိခိုးကျောင်း ဧရိယာအနီးတွင် ကမ္ဘောဒီးယား တပ်မတော်မှ လေကြောင်းရန်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုနှင့် ဒုံးလက်နက် လက်တွေ့ပစ်ခတ် လေ့ကျင့်မှုကြောင့် နယ်စပ်ရှိထိုင်းပြည်သူများမှ ထိတ်လန့်မှုဖြစ်နေကြောင်း၊ ဇန်န၀ါရီလ ၁၇ ၇က်နေ့ ၀၉၀၀ ချိန်တွင် ထိုင်းတပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ထနသတ်ပတိမာပရဂွန်နှင့် အဖွဲ့သည် ထိုင်း - ကမ္ဘောဒီးယားနယ်စပ်သို့ သွားရောက်ပြီး နှစ်နိုင်ငံနယ်စပ် အခြေအနေအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ကြိုတင်အကြောင်းကြားမှု မရှိဘဲ နယ်စပ်အနီးတွင် ကြီးမားသော စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသော ကမ္ဘောဒီးယားတပ်မတော်အား ထိုင်းတပ်မတော်မှ ကန့်ကွက်ရှုတ်ချကြောင်း စာလွှာအား ဘန်ကောက်မြို့ရှိ ကမ္ဘောဒီးယားသံရုံးမှ တစ်ဆင့် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးထံသို့ ပေးပို့ထားကြောင်း၊ ကမ္ဘောဒီးယားတပ်မတော်၏ အပြုအမူသည် နှစ်နိုင်ငံ ပြန်လည်တင်းမာမှု များဖြစ်ပေါ်လာနိုင်ပြီး ချစ်ကြည်ရေးလုပ်ငန်းများ ထိခိုက်လာနိုင်ကြောင်း ဗိုလ်ချုပ်ကြီး ထနသတ်ပတိမာပရဂွန်၏ ပြောကြားချက်အား ထုတ်လွှင့်ပြသသွားခဲ့ပါသည်။

          ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ထိုင်းနယ်စပ်၌ ကမ္ဘောဒီးယားတပ်မတော်မှ စစ်ရေးလေ့ကျင့်နေခြင်းကြောင့် နှစ်နိုင်ငံ နယ်စပ်ရှိ ပြည်သူများထိတ်လန့်ပြီး နယ်စပ်ကုန်သွယ်ရေး ဂိတ်အားလုံး ဖွင့်လှစ်ထားသော်လည်း နယ်စပ်ဖြတ်သန်း သွားလာမှု နည်းပါးနေကြောင်း၊ ထိုင်း-လာအိုနယ်စပ်၌ ပုံမှန်တည်ငြိမ်အေးချမ်းလျက်ရှိပြီး နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းနှင့် ခရီးသွားလာရေးလုပ်ငန်းများ ပိုမိုတိုးတက်လျက်ရှိကြောင်း၊ ထိုင်း-မြန်မာနယ်စပ်တွင်လည်း ထိုင်း နယ်စပ်ရှိ လက်နက်ကိုင် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ပြည်ထောင်စုမြန်မာ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေကြသည့် ကာလဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်တွင် ရေရှည်တည်ငြိမ်အေးချမ်းမှုရှိလာ နိုင်တော့မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေး လုပ်ငန်းများပိုမိုတိုးချဲ့နိုင်ရန် ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ တောင်ပိုင်းဒေသ တွင် အကြမ်းဖက် ထိုင်းမူဆလင် ပြောက်ကျားသူပုန်များ၏ ဖောက်ခွဲပစ် ခတ်မှုကြောင့် တောင်ပိုင်းဒေသလုံခြုံရေး မကြာခဏ ဖြတ်တောက်ခြင်းများကြောင့် ထိုင်း မလေးရှား နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး လုပ်ငန်းများ ထိခိုက်နစ်နာလျက်ရှိကြောင်း ထိုင်းအစိုးရမှ ထုတ်ပြန်ကြေငြာသွားပါသည်။

No comments: