
တာချီလိတ်၊ ဇန်န၀ါရီလ ၂၄ ရက်
ဇန်န၀ါရီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ်အိုင့်မြို့နယ်၊ ထသွန်းတိုက်နယ်၊ ဟွေဆတ်ရွာ အနီးတွင် ထိုင်းအမှတ် ၃ စစ်တိုင်းလက်အောက်ခံ မုဆိုးတပ်ရင်းမှ ဗိုလ်မှူးကြီး ဖိုင်လွတ်ဦးစီးအဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ SSA တောင်ပိုင်းအဖွဲ့မှ မူးယစ်ဆေးဝါးများ သယ်ဆောင်လာမည်လို့ သတင်းရသဖြင့် စောင့်ဆိုင်းနေခဲ့ပါတယ်။ ည ၆ နာရီခန့်တွင် စစ်စိမ်းရောင်ကျောပိုးအိတ် လွယ်ထားသော လက်နက်ကိုင် ၁၂ ဦးအား တွေ့ရှိသဖြင့် တားဆီးစစ်ဆေးရာ စစ်ဆေးမခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးသေဆုံးပြီး ကျန်လူများမှာ ထွက်ပြေးသွားခဲ့ပါတယ်။
သေဆုံးသူ ၂ ဦးမှာ အရပ်ဝတ်များဖြင့် ဖြစ်သော်လည်း SSA တောင်ပိုင်းအဖွဲ့မှ ဖြစ်ကြောင်း ထိုင်းစစ်တပ်မှ ပြောကြားခဲ့ပါတယ်။ သေဆုံးသူ ၂ ဦးထံမှ အိတ်များကို ဖွင့်စစ်ဆေးရာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁ သိန်း၊ ICE ၁ ကီလို၊ ဘိန်းဖြူ ၅၀၀ ဂရမ်၊ အေကေ-၄၇ ၁ လက်နှင့် ကျည်အိမ် ၁ ခုတို့ကို သိမ်းဆည်းရမိပါတယ်။ SSA တောင်ပိုင်း အဖွဲ့သည် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းကို အဓိက စီးပွားရေး တစ်ရပ်အနေဖြင့် လုပ်ဆောင်နေပြီး ထိုင်းအစိုးရအနေဖြင့် မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ၏ လှုပ်ရှားမှုများကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ထိုင်းစစ်တပ်မှ အရာရှိကြီးတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment