တာချီလိတ်မြို့က မူးယစ်ဆေးဝါးနှိမ်နင်းရေးပူးပေါင်း အဖွဲ့တစ်ဖွဲ့ဟာ ဖေဖော်ဝါရီ(၁၃)ရက်နေ့ည(၇) နာရီအချိန်မှာ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စု၊ ပါခေါင်ကြီးကျေးရွာမှာရှိတဲ့ ဦးအားမူနေအိမ်ကို ၀င်ရောက်ရှာဖွေခဲ့ပါတယ်။ ဦးအားမူကိုမတွေ့ရဘဲ သူ့ရဲ့ဇနီးဒေါ်မီချူးကိုတွေ့ရှိပြီး တန်ဘိုးငွေကျပ်သိန်းပေါင်း ကိုးသောင်းငါးထောင်ခုနစ်ရာခြောက်ဆယ်ကျော်တန်ဘိုးရှိတဲ့WYစာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား (၂၄၀) ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီအဖွဲ့ အနေနဲ့ည(၇)နာရီခွဲအချိန်မှာ ဦးအားဒါးရဲ့နေအိမ်ကို ၀င်ရောက်ရှာဖွေရာမှာတော့မိသားစု တွေ ထွက်ပြေးလွတ်မြောက်သွားပြီး တန်ဘိုးငွေကျပ်သိန်းပေါင်း ရှစ်သောင်းကျော်တန်ဘိုးရှိတဲ့WYစာတမ်း ပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားအလေးချိန် (၁၈၆)ကီလို ဂရမ်နဲ့ ကဖင်း အဖြူရောင်အမှုန့်(၅၃) ကီလိုဂရမ်တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာည(၈)နာရီအချိန်မှာ ဦးအားဂါရဲ့နေအိမ်ကို ဆက်လက်ရှာဖွေရာမှာတော့ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား၊WYစာတမ်းပါ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားမှုန့်၊ကဖင်းအမှုန့်၊ကိုဒင်းအမှုန့်၊ပါရာစီတမော့အမှုန့်၊အနံ့အမှုန့်၊ ပရိုကိုဒိုင်းအရည် နဲ့ ဆေးပြား ရိုက်မှို(၈၁)ခု၊ စက်အစိတ်အပိုင်း(၇)ခု မှိုခံခွက် (၁၉)ခု၊၉၉၉တံဆိပ်ပါ ဘိန်းဖြူဘလောက်တုံး ပုံစံခွက်(၁)ခုတို့သိမ်းဆည်းရမိခဲ့ပါတယ်။ ပစ္စည်းအားလုံးရဲ့ ခန့်မှန်း တန်ဘိုးငွေမှာကျပ်ငွေသိန်းပေါင်း တစ်သိန်း တစ်သောင်းနှစ်ထောင် ကျော်ဖမ်းဆီးရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့အနေနဲ့ အဆိုပါဦးအားဂါရဲ့ခြံဝန်းအတွင်းမှ မူးယစ်ဆေးဝါးသာမကဘဲ လက်နက်ခဲယမ်းများလဲသိမ်းဆည်းရမိခဲ့ပါတယ်။ အမ်-၁၆(၁)လက်၊ကျည်ကပ်(၂)ခု။အမ်-၂၂(၁)လက် ကျည်ကပ်(၁)ခု၊ကျည်(၁၀)တောင့်၊အေကေ-၄၇(၁)လက်၊ ခြောက်လုံးပြူး(၁)လက်၊ကျည်ကပ် (၁)ခု၊၅ဒသမ ၅၆ကျည်(၁၆၀)တောင့်၊ ပွိုင့်၄၅ ကျည်(၃၀)တောင့်သိမ်းဆည်းရမိခဲ့ပါတယ်။
ခုလိုမျိုးဖမ်းဆီးရမိမှုဟာရှမ်းပြည်နယ်အရှေ့ပိုင်းမှာအများဆုံးဖမ်းဆီးရမိတာဖြစ်ပါတယ်။ဒီမူးယစ် ဆေးဝါးတွေ ဟာထိုင်းနိုင်ငံကနေတစ်ဆင့်တရုတ်၊ထိုင်ဝမ်စတဲ့နေရာတွေကိုဖြန့်ဖြူးပို့ပေးနေတာဖြစ်ပါတယ်။ ဖမ်းဆီးရမိ တဲ့နေအိမ်တွေဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ဝနဲ့ရှမ်းတပ်ဖွဲ့SSA(၀မ်ဟိုင်း)တို့ရဲ့မူး ယစ်ဆေး ၀ါးတွေကို သိုလှောင်သိမ်းဆည်းထားတဲ့နေရာတွေဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအနေနဲ့အစိုးရနဲ့ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး တွေဘယ် လိုပဲ လုပ်ဆောင်နေပေမဲ့ သူတို့ရဲ့ပင်မစီးပွားရေးကိုတော့ စွန့်လွှတ်မှာမဟုတ်ဖူးလို့ နယ်စပ်ဒေသ စစ်ရေး ကျွမ်းကျင်သူဦးအောင်ကျော်ဇောက ခုလိုမျိုးပြောကြားပါတယ်။
``သူတို့အဖွဲ့တွေ (UWSA/ SSA)အနေနဲ့ သူတို့ရဲ့အဓိကစီးပွားရေးကိုတော့ အထိခိုက်ခံမှာမဟုတ်ပါဘူး။ မူးယစ်ဆေးဝါးချုပ်ငြိမ်းရေးဆိုတာအရင်နအဖကထဲကလုပ်ဆောင်နေတာပဲ။သူတို့လုပ်တယ်ဆိုလဲ ဟန်ပြ အမြင်ကောင်းအောင်လုပ်ပြတာ။တကယ်..သူတို့အဖွဲ့တွေ ချမ်းချမ်းသာသာနေနိုင်တာဒီလိုမျိုး မူးယစ်ဆေး ၀ါးကြောင့်ပါ။ အစိုးရနဲ့ အခုငြိမ်းချမ်းရေးစကားပြောတယ်ဆိုတာလဲ ထိုင်းနိုင်ငံဘက်မှာကို မူးယစ်ဆေးဝါးတွေ ပိုက်စိတ်တိုက်ဖမ်းဆီးမှုတွေရှိနေတာကြောင့်ထွက်ပေါက်တစ်ခုအနေနဲ့လုပ်တာပါ``
တာချီလိတ်ကမြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ဦးစိုင်းစံတစ်ကတော့``ကျွန်တော်တို့မြို့မှာ ဒီလိုမျိုးတရားမ၀င် လက်နက် ကိုင်တဲ့သူတွေ တော်တော်များများရှိနေတဲ့အတွက် လုယက်မှု၊ လူသတ်မှုတွေ မကြခဏဖြစ်နေပါတယ်။ သူတို့မူးယစ်ဆေးဝါးအဖွဲ့အချင်းချင်းမှာကို မကျေနပ်ချက်ရှိရင် တစ်ခါထဲ လက်စဖျောက်ပစ်သတ် ပစ်လိုက် ကြတာ။ တစ်ချို့ကလုပ်တဲ့သူကိုသိတယ်။မပြောရဲဘူး။ အခုဖမ်းမိတဲ့ ခြံတွေကလဲ ရုတ်တရက်ဝင် ဖမ်းလိုက်လို့ မိသွားတာဖြစ်ပါလိမ့်မယ်။ ဒီမို့ဖြင့် ဒီနယ်မြေမှာ ဖမ်းမိဖို့သိပ်မလွယ်လှဘူး။ သူတို့နောက်မှာ လက်နက်ကိုင် အဖွဲ့တွေရှိနေတယ်လေ`` လို့ပြောပြပါတယ်။

No comments:
Post a Comment