Tuesday, February 14, 2012

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးရုံးခန်း ဖွင့်လှစ်


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်မြောက်ရေးရုံးခန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့  ကမာရွတ်မြို့နယ် ဓမ္မစေတီလမ်း အမှတ်၁၀၁ (ဘီ) တွင် ကျင်းပသည်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်မြောက်ရေးရုံးခန်း ဖွင့်လှစ်ခြင်းအခမ်းအနား (ဓာတ်ပုံ - Eleven Media Group)
ထိုအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် နာယကဖြစ်သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် အပါအ၀င် ၈၈ မျိုးဆက်

ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ တက်ရောက်ကြပြီး ဆရာတော် အရှင်ဆန္ဒာဓိက၊ စာရေးဆရာ ဦးမိုးသူ၊ ရုပ်ရှင်နယ်ပယ်မှ ဒါရိုက်တာ ကြည်ဖြူသျှင်၊ မင်းထင်ကိုကိုကြီး၊ ဝေဠုကျော်၊ ထွန်းအိန္ဒြာဗိုလ်၊ ဇင်ဝိုင်း၊ လူမင်း၊ ဒါရိုက်တာဝိုင်း၊ လူရွင်တော် အရိုင်းနှင့် သီးလေးသီး အငြိမ့်အဖွဲ့ဝင်များလည်း တက်ရောက်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က “အမှန်အတိုင်း ပြောရရင် ဒီလို ရုံးခန်းလေးက စရတာကို သိပ်သဘောကျတယ်။ ဘာကြောင့်လဲဆိုတော့ ဖေဖေဟာ ဇာတိ နတ်မောက်နယ်လေးကစပြီး   ပြည်ထောင်စု ခေါင်းဆောင်ကြီး   ဖြစ်လာတယ်။ ဒါကြောင့် ဒီလို ကျဉ်းမြောင်းတဲ့ ရုံးခန်းကလေးကစပြီး ကမ္ဘာကျော်မယ့် ရုပ်ရှင်တခုကို ထုတ်လုပ်ချင်တယ် ” ဟု အခမ်းအနားတွင် ပြောသည်။
မိမိတို့အနေဖြင့် သမိုင်းဆိုသည်မှာ အတိတ်တွင် ကျန်ရစ်ခဲ့သည့် အရာတခု မဟုတ်ကြောင်း၊ ထိုကြောင့် မှန်မှန်ကန်ကန် သုံးသပ်တတ်ရန် လိုအပ်ကြောင်း၊ သို့မှာသာ အနာဂတ်နှင့် ပစ္စုပ္ပန်တွင် မှန်ကန်စွာ ဦးဆောင်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။
ယခုရုပ်ရှင်တွင် ဗိုလ်ချုပ်၏ ကလေးဘ၀မှ စတင်သည့် တာဝန်သိစိတ်၊  တက္ကသိုလ်ကျောင်းသားဘ၀ နိုင်ငံရေးတာဝန်အရ လွတ်လပ်ရေးလှုပ်ရှားမှု၏ ကျောင်းသားခေါင်းဆောင် တယောက် ဖြစ်လာခြင်း၊ ထိုမှစတင်ကာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် အခန်းကဏ္ဍများကို ဦးစားပေးဖော်ပြသွားမည်ဟု သိရသည်။
“ဖေဖေဘ၀မှာ အရေးအကြီးဆုံး ဆောင်ရွက်ခဲ့တာကတော့ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ကိစ္စပဲ။ ပြည်ထောင်စု စိတ်ဓာတ်ကို စပျိုးခဲ့တယ်။ ကျမတို့နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံဖြစ်တယ်၊ တိုင်းရင်းသားတွေအားလုံး သွေးစည်းညီညွတ်ရေးဟာ အရေးကြီးဆုံး ဖြစ်တယ်၊ ဒါကိုအဓိကထားပြီး ဒီရုပ်ရှင်မှာ ဖော်ပြစေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယခုဇာတ်ကားကို အနုပညာအရ အဆင်မြင့်မြင့် ဖြစ်စေချင်ပြီး အနုပညာရှင်များတွင်လည်း ထိုသို့ အရည်အချင်းများနှင့် ပြည့်စုံသည်ဟု ယူဆကြောင်း၊ အောင်မြင်ရန်လည်း အားလုံး ၀ိုင်းဝန်းကြိုးစားမည်ဟု ယုံကြည်ကြောင်း၊ ရဟန်းရှင်လူပြည်သူများကလည်း အားပေးမည်ဟု ယုံကြည်ကြောင်း   ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထိုအခမ်းအနားတွင် ကိုမင်းကိုနိုင်က ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားဘ၀ ကတည်းက အမျိုးသားနိုင်ငံရေးကို စတင်လုပ်ဆောင်သူ ဖြစ်သည့်အတွက် ကျောင်းသားများ၏ အခန်းကဏ္ဍကို ထည့်သွင်းရိုက်ကူးရန် အကြံပြု ပြောကြားခဲ့သည်။
ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ဆရာတော် အရှင်ဆန္ဒာဓိကက ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၂ နှစ်အရွယ်တွင် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသောကြောင့် ငွေကျပ် ၃၂ သိန်းကို လှူဒါန်းကြောင်း၊ ယင်းအလှူငွေ ပမာဏအတိုင်း လေးကြိမ်တိုင်တိုင် လှူဒါန်းမည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ဇာတ်မင်းသား ဖိုးချစ်ကလည်း အလှူငွေ ကျပ်သိန်း ၄၀ လှူဒါန်းခဲ့သည်။
ရန်ကုန် နာရေးကူညီမှုအသင်းမှ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၏ဖခင် အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီမှ ပိုင်ရှင် ဦးစိန်တင်ကလည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးနှင့် ထုတ်လုပ်ရေးအတွက် ၎င်းမိသားစုပိုင် ကုမ္ပဏီကို ဒေါ်အောင်ဆန်းစုကြည်အား ပေးလှူခဲ့ကြောင်း သိရသည်။
“အမျိုးသားရေးကိစ္စလည်း ဖြစ်သလို ကိုယ်နိုင်ငံအတွက်လည်း တကယ်အဓိကကျတယ်။   ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသားဆိုတဲ့ နာမည်ကို အရမ်းကြိုက်တယ်၊ ဒါကြောင့် လှူဖြစ်လိုက်တယ်” ဟု ဦးကျော်သူက ပြောသည်။
အဆိုပါ ရုပ်ရှင်ကုမ္ပဏီကို ဒေါ်အောင်ဆန်းစုကြည်အား အပြီးအပိုင်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ယခုရုပ်ရှင်ဇတ်ကား ရိုက်ကူးရေးသာမက နောင်ရိုက်ကူးမည့် ရုပ်ရှင်များနှင့် ပတ်သက်ပြီး ခံစားခွင့်အ၀၀သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်သာ သက်ဆိုင်တော့ကြောင်း ကိုကျော်သူက ရှင်းပြသည်။

No comments: