အစိုးရမှ ချိတ်ပိတ်ထားသော ကျောင်းအား တရားမ၀င် ပြန်လည်ဖွင့်လှစ်သီတင်းသုံးခြင်းကြောင့် တရားဝင်ဖြစ်စေရန် ချိတ်ပိတ်ခြင်းဖြစ်၍ လာမည့် ဆယ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း တိုင်းသာသနာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးဣန္ဒက အား လျှောက်ထားခဲ့သည်ဟု သိရှိရသည်။
ယနေ့နေ့လည် ၁၂ နာရီက မဂ္ဂင်ကျောင်းတွင် တိုင်းသာသနာရေး ဦးစီးဋ္ဌာနမှ အရာရှိ ချိတ်ပိတ်ရန် လာရောက်စဉ်မဂ္ဂင်ကျောင်းဆရာတော် ဦးဣန္ဒကက '' ဖြစ်ခဲ့တာတွေက အရင်အစိုးရလက်ထက်မှာဖြစ်ခဲ့တာတွေ၊ အားလုံးကိုသင်ပုန်းချေနိုင်ရမယ်၊ ဒါမှ နိုင်ငံကောင်းစားမယ်၊ အခုလို ပြန်ဖွင့်ပေးမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ် '' ဟုမိန့်ကြားခဲ့သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး သံဃာ့အရေးအခင်းတွင်ပါဝင်ခဲ့ပြီး အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးဇင်းဦးဂမ္ဘီရကမူ '' ဘာကို တရားဝင်လို့ဆိုတာလဲ။ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး သီတင်းသုံးတာ တရားမ၀င်ဘူးလား။ ဒီလိုဆို ဘယ်နားသွား သီတင်းသုံးပေးရမလဲ '' ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
၎င်းက ယခုကဲ့သို့ပြုလုပ်ချင်းမှာ နိုင်ငံတော်သံဃမဟာနာယကနှင့် မြန်မာနိုင်ငံ သံဃတပ်ပေါင်းစုတို့ကို အစိုးရမှ တိုက်ပေးခြင်းဖြစ်ပြီး သံဃာကို သင်းခွဲရာရောက်ကြောင်း မိန့်ကြားသည်။
ယခုကဲ့သို့ မဂ္ဂင်ကျောင်းအား ချိတ်ပိတ်ခဲ့သဖြင့် ယင်းကျောင်းနေ သံဃာတော် ၆ ပါးမှာ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားအနီးရှိ လယ်တီကျောင်းသို့ ပြောင်းလဲ သီတင်းသုံးရမည်ဖြစ်ကြောင်း မဂ္ဂင်ကျောင်းဆရာတော်က မိန့်ကြားသည်။
မဂ္ဂင်ကျောင်းတွင် သီတင်းသုံးလျက်ရှိသော သံဃာတော်များအားလုံးမှာ ၂၀၀၇ သံဃာ့အရေးအခင်းတွင် ပါဝင်ခဲ့သဖြင့် အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း များဖြစ်ကာ ယခုကဲ့သို့ပြန်လည် လွတ်မြောက်လာချိန်တွင်လည်း အာဏာပိုင်များမှ အစဉ်စောင့်ကြည့်လျက်ရှိကြောင်း၊ ထို့ကြောင့် ဒါယိကာ၊ ဒါယိကာမ များမှာ ကျောင်းသို့ လာရန် စိုးရိမ်မှုများဖြစ်နေရကြောင်း မဂ္ဂင်ကျောင်းဆရာတော ဦးဣန္ဒက က မိန့်ကြားသည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးအခင်းတွင် သံဃာအပါးတစ်ထောင်ကျော် အဖမ်းခံခဲ့ရကာ ယင်းတို့အနက်မှ ရာဂဏန်းနှင့်ချီသည့် သံဃာများမှာ သာသနာငြိုးနွမ်းစေမှု အစရှိသည့် ပုဒ်မများဖြင့် တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံခဲ့ကြရသည်။
No comments:
Post a Comment