Monday, February 06, 2012

CNA ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ရန် ချင်းပြည်နယ်ဝန်ကြီးချုပ်မှ မှာကြား

ချင်းပြည်နယ်ဝန်ကြီးချုပ် ပူး ဟုန်းငိုင်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း စခန်းချမည့် စီအဲန်အေ ငြိမ်းချမ်းရေးတပ်မတော်သားနှင့် ရင်းနှီးစွာဆက်ဆံရန်နှင့် ကူညီပံ့ပိုးရန် ဒေသခံများအား မှာကြားခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်သည် ဖေဖေါ်ဝါရီ နောက်ဆုံးပတ်မှ စပြီး  ချင်းပြည်နယ် တောင်ပိုင်းသို့ နယ်လှည့်ကွင်းဆင်းစဉ် ဒေသခံပြည် သူများအား ယခုကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်ကြောင်း ယခုခရီးစဉ်သည် ၀န်ကြီးချုပ်၏ ပထမဆုံး ချင်းပြည်နယ်တောင်ပိုင်း ခရီးစဉ်ဖြစ်ကြောင်းသိရသည်။
ဝန်ကြီးချုပ် နှင့် အဖွဲ့သည် ပလက်ဝမြို့မှ တဆင့် ရှင်းလက်ဝ သို့ရောက်ရှိပြီး ရှင်းလက်ဝမှ ပထိန်တလန် ရွာသို့ နည်လှည့်ကွင်းဆင်းအပြီး မတူပီမြို့နယ် လိုင်လင်းပီရှိ တိုက်နယ်ဆေးရုံကို ဆက်လက် ဖွင့်လှစ်ခဲ့ သည်။
ခရီးစဉ်အတွင်းဒေသခံများမှ ကိုယ်ထူကိုယ်ထဖြင့် ဖောက်လုပ်သည့် ရှင်းလက်ဝ – လိုင်လင်းပီ ကြား ကားလမ်း ကို လည်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
“ ရှင်းလက်ဝ – လိုင်လင်းပီ မှ ရေဇွာ – ဟားခါးကားလမ်းကို အတတ်နိုင်ဆုံးလုပ်မယ်လို့ ၀န်ကြီးချုပ်က မှာကြား ခဲ့တယ် ” ဟု ဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက ပြောသည်။
ဆက်လက်ပြီး “ မိမိတို့ချင်းလူမျိုးကိုယ်တိုင် က ၀န်ကြီးချုပ်ဖြစ်တော့ ပြောရဆိုရတာလည်း ပွင့်ပွင့်လင်းလင်း ပါပဲ” ဟု  ဆက်ဆိုသည်။
ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လိုင်လင်းပီမှ ဆဘောင်းတဲရွာသို့ ၀င်ရောက်ပြီး ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ဟားခါးမြို့သို့ ပြန်လည်ထွက်ခွါသွားပြီဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်အဆင့် ပဏာမ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် ချင်းအမျိုးသားတပ်ဦး တို့  ပြည်နယ်အဆင့် ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက်တွင် ချင်းအမျိုးသား တပ်မတော် သားများအား ချင်းပြည်နယ်အတွင်း တီးတိန်မြို့နယ်၊ ထန်တလန်မြို့နယ် နှင့် ပလက်ဝ မြို့နယ်များတွင် လက်နက်ဖြင့် အခြေချနေတိုင်ရန် သဘောတူထားကြသည်။
ချင်းအမျိုးသားတပ်မတော်သားများသည် ပလက်ဝမြို့နယ်အတွင်း စခန်းချရန်  ကာကွယ်ရေးစစ်ဦးချုပ် ဗိုလ်မှူးကြီး ဟရန်သင်ထိုက်၊ ဒုတိယ ကာကွယ်ရေးစစ်ဦးချုပ် ဗိုလ်မှူး သန်းထွန်းနှင့် တောင်ပိုင်း စစ်ဗျူဟာ မှူးတို့ ကိုယ်တိုင်ဦးစီးပြီး  ယခင်နေရာဟောင်းမှ ထွက်ခွါသွား ကြပြီဖြစ်ကြောင်းလည်း သိရသည်။

No comments: