မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်း ဖိတ်ကြားချက်အရ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ တွဲဖက်အတွင်းရေးမှူး(၂) ခိုင်သုခဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်၊ ယနေ့(၂-၄-၁၂) နံနက်(၈)နာရီအချိန်တွင် ချင်းပြည်နယ် ပလက်ဝမြို့မှ ထွက်ခွါ လာရာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ဆိပ်ကမ်းသို့ (၁နာရီ ၅၀မိနစ်)ခန့်တွင် ရေယာဉ်ဖြင့် ရောက်ရှိ လာခဲ့သည်။
ကျောက်တော်မြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဆောင်ပြီး ကျောက်တော်မြို့ လူထု ၃၀၀၀ (သုံးထောင်)ခန့် သောင်းသောင်းဖြဖြ လိုက်လွဲစွာကြိုဆိုခဲ့ကြသည်။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ လိုအင်ဆန္ဒပြည့်ဝပါစီဟု ရေးသားထားသော စာတမ်းလည်း ကိုင်ဆောင် ထားကြကြောင်း သိရှိရသည်။
ယနေ့ (၂-၄-၁၂)တွင် ကြိုဆိုရန်ပြုလုပ်ထားသော စစ်တွေမြို့ပေါ်ရှိ လူထုများမှာလည်း ရန်ကုန်မှထွက်ခွါ လာမည့် ကိုယ်စားလှယ်များ ခရီးစဉ် ရွှေပြောင်းလိုက်ရကြောင်း သိရှိရသဖြင့် ကြိုဆိုမည့် အစီအစဉ် လည်း နောက်ဆုတ်လိုက်ရကြောင်း သိရှိလိုက်ရသည်။ ယနေ့နံနက်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော ငြိမ်းချမ်းရေး အဖွဲ့သည် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အတွင်းရေးမှူး ဦးလှစော ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်းတို့နှင့် ရန်ကုန်မြို့ တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ရဟန်းတော်များ၏ တောင်းဆိုမူကြောင့် စစ်တွေ- ဘူးသီးတောင် သင်္ဘောလိုင်းကို ပုဂ္ဂလိကမှ အစိုးရထံ ပြန်အပ်
ရဟန်းတော်များ၏ တောင်းဆိုမူကြောင့် ဘူသီးတောင်နှင့် စစ်တွေပြေးဆွဲနေသည့် သင်္ဘောလိုင်းကို နဂါးမင်း ကုမ္ပဏီမှ အစိုးရလက်သို့ ပြန်လည် လွဲပြောင်း လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ " ဟုတ်တယ်။ အခု ဘူးသီးတောင်- စစ်တွေ သင်္ဘောလိုင်းကို ဧပြီလ ၂ ရက်နေ့မှ စပြီး ပြည် တွင်းရေကြောင်း ပို့ဆောင်ရေး က ပြန်လည်စတင် ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ သင်္ဘောခကိုလည်း လျှော့ချလိုက်ပါတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။ အဆိုပါ သင်္ဘောလိုင်းအား ပုဂ္ဂလိက လက်မှ အစိုးရလက်သို့ ပြန်လည် လွဲပြောင်း လိုက်ခြင်းအတွက် ၀မ်းသာကြောင်း စာရေးတောင်းဆိုရာတွင် ဦးဆောင်ပါဝင်သူ ဦးသောမက ယခုလို ပြောသည်။ " အခု အစိုးရလက်ထဲကို သင်္ဘောလိုင်း ရောက်သွားပြီ။ သဘောင်္ခတော့ နည်းနည်း ကျသွားတယ်။ ၁၈၀၀ ကျပ် ဖြစ်သွားတာပေါ့။ အရင် နဂါးမင်းဆွဲတုန်းကတော့ ၃၀၀၀ ကျပ်တော့ ၁၂၀၀ လောက် သက်သာသွားတာပေါ့။ ဒါပေမယ့် ဒီဈေးနုန်းဟာ လူထုတွေ အတွက် သင့်တော် တဲ့ ဈေးနုန်း ဖြစ်မဖြစ်ကို ခရီးသည်တွေကို မေးရအုံးမယ်။ ခုလို အစိုးရလက်ထဲ ပြန်ရောက်တော့ ဦးဇင်းတို့ က ၀မ်းသာပါတယ်" ဟု ဦးသောမက ပြောသည်။ မကြာသေးမီက ဘူးသီးတောင်မြို့ပေါ်မှ ရဟန်းတော် ၂၇ ပါးက သင်္ဘောဈေးနှုန်းကို ၃၀၀၀ ကျပ်ထိ ကောက်ခံသဖြင့် ပြည်သူများ နစ်နာနေ၍ သင်္ဘောခ ကို လျှော့ကောက်ရန် ပုဂ္ဂလိက သင်္ဘောလိုင်းကို ဆွဲထားသူ နဂါးမင်း ကုမ္ပဏီအား စာရေးတောင်းဆို ခဲ့ပြီး လျှော့မကောက်နိုင်ပါက သင်္ဘောလိုင်းကို အစိုးရကို ပြန်အပ်ရန် တောင်းဆိုခဲ့သည်။ ယခုကဲ့သို့ အစိုးမှ ပြန်လည်ပြေးဆွဲသော်လည်း သင်္ဘောဈေးနှုန်းမှာ ယခင်ကနှင့် ကွာဟမှု မရှိကြောင်း ဘူးသီးတောင် မြို့ခံ လူငယ်တဦးကပြောသည်။ " အခု အစိုးရက ပြန်ဆွဲမယ်ဆိုတော့လည်း ဈေးကသိပ်မကွာပါဘူး။ လက်မှတ်တစောင် ၁၈၀၀ ကျပ်ဆိုတော့ ၁၂၀၀ သက်သာတာတော့ မှန်ပါတယ်။ ကုတင်တစ်လုံးကို ၇၀၀ ဆိုတော့ သင်္ဘော တစ်ကြောင်းကို ၂၅၀၀ ကျပ်တော့ ကုန်ကျနေပါသေးတယ်။" ဘူးသီးတောင်-စစ်တွေ သင်္ဘောခမှာ အရင်က ကျပ် ၅၀၀ သာရှိသော်လည်း ပုဂ္ဂလိက လက်ထဲကို လွဲပြောင်း ပေးပြီးနောက်ပိုင်း ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်သည့် နဂါးမင်းကုမ္ပဏီက (၆) ဆထိ မြှင့်တင်ကာ ကျပ် ၃၀၀၀ ထိ တိုးမြှင့်ကောက်ခံခဲ့သည်။ဘူးသီးတောင်- စစ်တွေ ရေကြောင်း လိုင်းတွင် အစိုးရ သင်္ဘောများသာ ပြေးဆွဲနေသည် မဟုတ်ဘဲ ပုဂ္ဂလိက အမြန်ရေယာဉ်များ ဖြစ်ကြသည့် ရွှေပြည်တန်၊ မလိခနှင့် NCR တို့လည်း ပြေးဆွဲနေကြသည်။ အမြန် ရေယာဉ်များ၏ ဈေးနှုန်းများမှာ ၇၀၀၀၊ ၇၅၀၀ နှင့် ၆၀၀၀ ကျပ်ထိ ရှိသဖြင့် အများစု ဆင်းရဲသော ပြည်သူများမှာ အစိုးရ သင်္ဘောကိုသာ ခရီးသွားလာရာ၌ အားကိုး အားထားပြုနေကြရသည်ဟု သိရသည်။
No comments:
Post a Comment