Wednesday, April 04, 2012

ဒေါ်စု ငြိမ်းချမ်းရေးကိစ္စ ဦးစားပေးသင့်ကြောင်း တိုင်းရင်းသားများပြော
“ခေတ်သစ်ကြီးရဲ့ အစလို့ပဲ ကျမတို့ မျှော်လင့်ပါတယ်”
တရုတ်-မြန်မာ ကုန်သွယ်မှု ဒေါ်လာသန်း ၃၁၀ ဖိုး စာချုပ်ချုပ်

ဒေါ်စု ငြိမ်းချမ်းရေးကိစ္စ ဦးစားပေးသင့်ကြောင်း တိုင်းရင်းသားများပြော
ပြည်သူ့လွှတ်တော် အမတ်တဦး ဖြစ်လာတော့မည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်းသားဒေသများရှိ ငြိမ်းချမ်းရေး ပြဿနာများကို ဦးစားပေး ဖြေရှင်းသင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင် များက တိုက်တွန်းလိုက်သည်။
အရေးပါသည့် လွှတ်တော်အမတ်တဦး အနေဖြင့် လွှတ်တော်တွင်း လုပ်ကိုင်စရာ ကိစ္စများစွာ ရှိမည်ဖြစ်သော်လည်းဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအရေးကို မေ့ထားမည် မထင်ကြောင်း၊ သို့သော် ယင်းကိစ္စကို ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်လာစေရန်အတွက် တိုက်တွန်းသွားမည်ဟု ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး က ပြောသည်။“ဒေါ်စုက ကျနော်တို့ တိုင်းရင်းသား အရေးကို မေ့မယ်လို့ မထင်ဘူး။ အခြေအနေက တိုင်းရင်းသားအရေးကို ပစ်ထားလို့ မရနိုင်ဘူး။ သူ ပစ်ထားလို့ မရအောင်လည်း ကျနော်တို့ တွန်းအားပေးရမှာ” ဟု မဇ္ဈိမကို ပြောသည်။
ယခုနှစ်ဆန်းကမှ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဦးခွန်ထွန်းဦးက တိုင်းရင်းသားအရေး ကိစ္စသည် နိုင်ငံ အတွက် အရေးကြီးဆုံးအချိန် ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေးလုပ်ငန်း သုံးခုအဖြစ် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အခြခံဥပဒေပြင်ဆင်ရေးတို့ကို ပြည်သူလူထုထံ တင်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၄၄ နေရာ ပြိုင်သည့် အနက် ၄၃ နေရာ အနိုင်ရရှိထားပြီး ရှမ်းပြည်နယ် ကလောမြို့နယ် နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ ကဲ့သို့သော တိုင်းရင်းသားဒေသများတွင်ပါ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ အစိုးရနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများအကြား နှစ်ပေါင်းများစွာက မဖြေရှင်းနိုင်ခဲ့သည့် ငြိမ်းချမ်းရေးပြသာနာအား ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟု တိုင်းရင်းသားများက ယုံကြည် အားကိုးကြောင်း ပြသခြင်း ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တဒေါင့်တနေရာမှ ပါဝင်လာမည်ဟု ယုံကြည်ကြောင်း လည်း UNFC အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
“သူက တိုင်းရင်းသားတွေအပေါ် ဆက်စပ်မှုရှိတယ်။ စေတနာလည်း ရှိတော့ သက်ဆိုင်ရာ လွှတ်တော် ခေါင်းဆောင်တွေက သူ့ကို တာဝန်ပေးမယ်လို့ ယုံကြည်တယ်။ သူ လုပ်လိမ့်မယ်လို့ ယုံကြည် တယ်”ဟု နိုင်ဟံသာက မဇ္စျိမကိုပြောသည်။
ထို့အပြင် “၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်တဲ့အနေရာမှာ အများကြီး အထောက်အကူ ပေးနိုင်မယ်လို့ ယုံကြည်တယ်။ တိုင်းရင်းသား အင်အားစုတွေနဲ့ နားလည်မှုရှိတယ်။ အဲဒီအပေါ်မှာ သူ့ကို ထောက်ခံတယ်။ သူဘယ်ထောက်ထိ လုပ်နိုင်မလဲ ဆိုတော့ အစိုးရ ဘယ်လောက်ထိ ခွင့်ပြုမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်” ဟု ပြောသည်။
အစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ကချင်ခေါင်းဆောင် တဦးကလည်း
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖခင်ကဲ့သို့ တိုင်းရင်းသားအရေးကို ဦးစားပေးမည်ဟု ယူဆကြောင်း ပြည်တွင်း ငြိမ်းချမ်းရေးမှာ နံပါတ်တစ် ဖြစ်သင့်ကြောင်း ပြောကြားသည်။
“ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့တာတွေကို နောက်က ခေါင်းဆောင်တွေ ဘယ်သူမှ လိုက်မလုပ်ဘူး။ ခု (သူ့)သမီး လက်ထက် ပြန်ဖော်ဆောင်မယ်ဆိုရင် သမိုင်းပေးတာဝန် ကျေပွန်တာပဲ။ ပထမဆုံး တိုင်းရင်းသား ငြိမ်းချမ်းရေးကိစ္စ လုပ်ပေးဖို့၊ ပြီးမှ ဖွဲ့စည်းပုံပြင်ဆင်ဖို့တွေ လုပ်ရင်ကောင်းမယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စက အရေးကြီးဆုံးပဲ။ ပြီးမှ ဒီမိုကရေစီအရေး ဆက်လုပ်စေချင်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်တွင်း ဆောင်ရွက်မည့် လမ်းပြမြေပုံ (Roadmap) ရေးဆွဲကာ တိုင်းရင်းသားအရေးကို အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း လည်း အဆိုပါ ကချင်ခေါင်းဆောင် က ပြောသည်။
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များသည် လွတ်လပ်ရေး ရယူရာတွင်တောင်းတန်းနှင့် ပြည်မမခွဲခြားဘဲ တန်းတူအခွင့်အရေးအတွက် ပြည်မ-တောင်တန်း ပူးပေါင်းရေး ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။
ရွှေ့ဆိုင်းထားသည့် ကချင်ပြည်နယ် မဲဆန္ဒနယ်သုံးခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် KIO အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးလိုကြောင်း NLD ထုတ်ပြန်ချက်ကို KIO က ကြိုဆိုခဲ့သော်လည်း ယခုချိန်ထိ နှစ်ဘက်တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

“ခေတ်သစ်ကြီးရဲ့ အစလို့ပဲ ကျမတို့ မျှော်လင့်ပါတယ်”
ယခုအချိန်သည် ခေတ်သစ်တခု၏ အစဟု မျှော်လင့်ပါကြောင်း တနင်္ဂနွေနေ့ ကြားဖြတ်
ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့အပြီး အသစ်စက်စက် လွှတ်တော်ကိုယ်စားလှယ်
 ဒေါ်အောင်ဆန်းစုကြည် က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
“ဒါဟာ ခေတ်သစ်ကြီးတခုရဲ့အစလို့ ကျမတို့ မျှော်လင့်ပါတယ်” ဟု ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်သို့ ရောက်ရှိလာသော ရာပေါင်းများစွာသော လူထုကို ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ခြင်း ဖြစ်သည်။ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့သည့် ၄၅ နေရာအနက် နေရာ ၄ဝ ၏ ရလဒ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က တနင်္လာနေ့တွင် ထုတ်ပြန်ရာ NLD က နေရာ ၄ဝ လုံး အနိုင်ရရှိထားသည်ဟု ဆိုသော်လည်း NLD ကမူ ၎င်းတို့ ၄၃ နေရာ အနိုင်ရရှိပြီးဖြစ်ကြောင်း တရားဝင် မဟုတ်သေးသော ရလဒ်များကို အခြေခံကာ ပြောဆိုထားသည်။
ဤရွေးကောက်ပွဲကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က သူတို့ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို အလျှင်အမြန် ရုပ်သိမ်းလာဖွယ် ရှိနေသည်။ဒေါ်အောင်ဆန်းစုကြည်သည် ဆင်းရဲမွဲတေမှု ဒဏ်ကိုခံနေရသောနိုင်ငံမှလူပေါင်းသန်း၆ဝအတွက်အပြောင်းအလဲများဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးနိုင် လိမ့်မည်ဟု မျှော်လင့်ထားကြသည်။
“ကျနော်တို့ အလုပ်လိုချင်တယ်၊ မီးလိုချင်တယ်၊ ရေလိုချင်တယ်။ အခုက သိပ်ဒုက္ခ ရောက်တယ်။ ဒေါ်စုက သိပ်သြဇာကြီးတယ်။ ဒီတော့ ကျနော်တို့နိုင်ငံကို ပြောင်းလဲလာ အောင်လုပ်နိုင်မှာပဲ” ဟု လမ်းဘေးတွင် အဝတ်အထည် ရောင်းချသူ ကိုသိန်းတန်က တနင်္ဂနွေနေ့ က ပြောသည်။
တနင်္လာနေ့က NLD ရုံးချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စုက “အခုက စပြီး ကျမတို့ နိုင်ပြီလို့ မစဉ်းစားရဘူး။ တာဝန်ထမ်းဆောင်ဘို့၊ အလုပ်လုပ်ဘို့အတွက် အစလို့ပဲ တွေးရမယ်” ဟု ပါတီမှ ရွေးကောက် တင်မြှောက်ခံခဲ့ရသော လွှတ်တော် ကိုယ်စားလှယ်များကို သတိပေး ပြောကြားခဲ့သည်။
အကျင့်ပျက်ခြစားသောဝန်ကြီးများကို မိမိ၏ ဝန်ကြီးအဖွဲ့မှ မဖယ်ရှားနိုင်ခဲ့ခြင်းကြောင့် လည်းကောင်း ၊ အောက်ခြေနှင့် အလယ် အလတ်အဆင့်ရှိ အုပ်ချုပ်ရေး ယန္တရားအတွင်း ရှိနေသော ကြိုးနီစနစ်ကို မဖယ်ရှားနိုင်ခဲ့ခြင်းကြောင့်လည်းကောင်း ယခုကဲ့သို့ မဲဆန္ဒရှင် အများစုက အာဏာရပါတီကို ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမပေးခဲ့ ကြခြင်း ဖြစ်ကြောင်း အကဲခတ်အချို့က သုံးသပ် ပြောဆိုနေကြသည်။
အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အမာခံနယ်မြေဖြစ်သော နေပြည်တော်တွင်ပင် NLD ကို ရှုံးနိမ့်ခဲ့ရသည်။ သမ္မတ ဦးသိန်းစိန် ရွေးကောက် တင်မြှောက်ခံခဲ့ရသော ဇမ္ဗူသီရိ မဲဆန္ဒနယ် အပါအဝင် နေပြည်တော် ၄ နေရာလုံးတွင် NLD က အနိုင်ရရှိသွားကြောင်း ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။ အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအကြား ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ဆောင်ရွက်နေသော ဦးညိုအုန်းမြင့်ကမူ NLD အနေဖြင့် ကြံ့ခိုင်ရေးပါတီနှင့် သင့်မြတ်စွာ ဆက်ဆံသင့်ကြောင်း ပြောသည်။
“စစ်ရေးအမြင်နဲ့ကြည့်ရင်တော့ ခုလို အပြတ်အသတ်နိုင်တာဟာ နှစ်ပေါင်း ၅ဝ ကျော် အာဏာရယူထားခဲ့တဲ့ အစိုးရ အတွက် ခြိမ်းခြောက်မှု တရပ်ပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာရပါတီကို ပြေပြေလည်လည်ဘဲ ဆက်ဆံ ချဉ်းကပ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။“ကျနော်တ ကယ့်ကို စိုးရိမ်ပါတယ်။ အာဏာရပါတီထဲက လက်ရှိခေါင်းမာသူတွေ တကယ့်ကို ကြောက်သွားမှာ စိုးရိမ်မိပါတယ်။ ဒါဟာ သူတို့အတွက် အခုကနေ ၂ဝ၁၅ ခုနှစ်အထိ အလွန်စိုးရိမ်စရာ ကိစ္စတရပ် ဖြစ်နေမှာပဲ” ဟု ဦးညိုအုန်းမြင့်က ဆိုသည်။ဤအတောအတွင်း အခြားပုဂ္ဂိုလ် များကမူ ယခုအခြေအနေကို ရှေ့တွင် ရရှိလာမည့် အခွင့်အလမ်းများအဖြစ် ရှုမြင်နေကြသည်။
“ဒါဟာ မြန်မာနိုင်ငံအတွက်တော့ လာမယ့် အာရှရာစုမှာ လက်တွဲပါဝင်နိုင်ဘို့ ရှည်လျားတဲ့ ဖြစ်စဉ်ကြီးရဲ့ အစပါပဲ” ဟု ကမ္ဘောဒီးယား အခြေစိုက် Leopard Capital တည်ထောင်သူ နှင့် အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဒေါက်ဂလပ်စ် ကလေတန် က ပြောဆိုလိုက်သည်။ ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းသွားသည်နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် ဒေါ်လာသန်း ၁ဝဝ ရံပုံငွေတရပ် ရှာဖွေရန် ဤကုမ္ပဏီက စီစဉ်ဆောင်ရွက်နေသည်ဟု သူက ဘလွန်းဘတ် သတင်းဌာနသို့ ပြောကြားခဲ့သည်။
“အခုရွေးကောက်ပွဲကို လက်ခံလိုက်ပြီဆိုတာနဲ့ ပိတ်ဆို့အရေးယူမှုကို ဆက်ထားဘို့ဆိုတာ အကျိုးအကြောင်းပြ စရာသိပ်မရှိတော့ပါဘူး” ဟုလည်း သူက ဆက်လက်ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ သူထမ်းဆောင်ရမည့် လွှတ်တော်တာဝန်များ အပေါ်သာ အာရုံစိုက် လုပ်ဆောင်လျက်ရှိသည်။
“ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အခြားပါတီတွေအနေနဲ့ ကျမတို့နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိ လာအောင် ကျမတို့နဲ့ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု တနင်္ဂနွေနေ့ က ပြောကြားခဲ့သည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ခြုံငုံ သုံးသပ်ထားသော အစီရင်ခံစာတရပ် ကို နောက်ပိုင်းတွင် ထုတ်ပြန်သွား မည်ဟုလည်း ပြောဆိုခဲ့ သည်။
သို့သော် သမ္မတ ဦးသိန်းစိန်၏ ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်အနေဖြင့် လွှတ်တော်အမတ် နေရာအားလုံး၏ ၈ဝ% ကျော် ကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း ရှိနေဦးမည်ဖြစ်သည်။
ရွေးကောက်ပွဲကို စောင့်ကြည့်အကဲခတ်ရန်အတွက် အမေရိကန်၊ EU နှင့် အိမ်နီးချင်း နိုင်ငံများမှ သတင်းထောက်များ ကို မြန်မာနိုင်ငံက အကန့်အသတ်ဖြင့် ဖိတ်ကြားခဲ့သည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲ များသည် “အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အရေးပါသော အချိန် ဖြစ်သောကြောင့် ဥရောပသမဂ္ဂအနေဖြင့် မိမိတို့၏ မြန်မာနိုင်ငံ အပေါ် ထားရှိသော မူဝါဒများကို သေသေ ချာချာ ပြန်လည်လေ့လာသုံးသပ်သင့်ပြီ” ဖြစ် ကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ကက်သရင်း အက်ရှတန်က မတ်လ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်သည်။
ရွေးကောက်ပွဲ မသမာမှုများ၊ လိမ်လည်မှုများ တနင်္ဂနွေနေ့တွင် ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့ရလိမ့်မည်ဟု ထင်ထား ခဲ့ကြသော်လည်း အသေးအဖွဲ တချို့တလေမှအပ ထင်သလောက် ဖြစ်မလာခဲ့ကြောင်း တွေ့ရသည်။ အကဲခတ် အများအပြားကမူ ယခု ကြားဖြတ်ရွေးကောက်ပွဲသည် အာရှစံချိန်နှင့် ကြည့်လျှင် အံ့အားသင့်စရာ ကောင်းလောက်အောင် သန့်ရှင်းမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။
ထိုအတောအတွင်း နိုင်ငံ့ခေါင်းဆောင်အများအပြားနှင့် အကဲခတ်များကမူ သမိုင်းတွင်မည့် မဲပေးမှုအပေါ် အဆိုးအကောင်း ဝေဖန်ပြောကြားရန် ချိန်ဆဆဲရှိကြသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကမူ  ရွေးကောက်ပွဲသည် “လွတ်လပ်၊ မျှတ၍ ထင်သာမြင်သာရှိသော”ရွေးကောက်ပွဲဖြစ်ကြောင်း အာဆီယံ ထိပ်သီးအစည် အဝေး မတိုင်မီ ဖနွမ်းပင်မြို့တွင် သတင်းထောက်များကိုပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက သတင်းပေးပို့ထားသည်။
အေပီသတင်းဌာန၏ သတင်းပေးပို့ချက်တွင်မူ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ် စူဝမ်က ရွေးကောက်ပွဲ မဲလာထည့်သူဦးရေ များပြားသည်ဟု အကဲခတ်များက သတင်း ပေးပို့လာကြောင်း၊ အင်ဒီနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ က မြန်မာ နိုင်ငံတွင် မကြာသေးမီ ကာလများက ပြုလုပ်ပ်ခဲ့သော ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများ သည်  `နောက်ကြောင်းပြန်လှည့်´ တော့မည်မဟုတ်ကြောင်း ယခု ရွေးကောက်ပွဲများ က နောက်ထပ် အာမခံပေးလိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရေးသားဖော်ပြထားသည်။ ယခု ရွေးကောက်ပွဲကို အရေးပါသော ရှေ့သို့ တိုးတက်မှုကြီးတရပ်ဖြစ်သည်ဟု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဘော့ကား က တနင်္လာနေ့က ပြောဆိုလိုက်သည်။
“ရွေးကောက်ပွဲတွေဟာ တကယ့်ကို စစ်မှန်တယ်ဆိုတာ သိရတာနဲ့ ပိတ်ဆို့ အရေးယူ မှုတွေကို လျှော့ပေါ့ပေးဘို့ ကျနော်တို့စဉ်းစားသွားမှာဖြစ်ပါတယ်” ဟု သူက ပြောဆိုလိုက်သည်။ သို့သော် ယခုထက်ထိ မြန်မာနိုင်ငံတွင် စာအုပ်စာတန်းများအပေါ် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများ ရှိနေဆဲဖြစ်ပြီး နိုင် ငံရေးအကျဉ်းသားများလည်း ဆက်လက် ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်းကိုလည်း သူက သတိပေး ပြောဆိုလိုက်သည်။“ခုလို ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့ပေးဘို့ စဉ်းစားဆောင်ရွက် တာဟာ မြန်မာဘက်က ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ လုပ်လာတာနဲ့ အချိုးညီပဲ ဖြစ်ပါလိမ့်မယ်။”
အရှေ့တောင် အာရှနိုင်ငံများ၊ အမေရိကန်နှင့် ဥရောပ တို့နှင့်ဆွေးနွေးပြောဆိုပြီးမှသာ ထိုကိစ္စများကို ဆက်လက်ဆောင်ရွက်မှာဖြစ်သည်ဟုလည်း ဘော့ကား က ပြောဆိုသွားသည်။
ယခု ရွေးကောက်ပွဲများ ပြီးနောက် နွားတင်းကုပ် ဟု ချစ်စနိုးခေါ်ကြသော NLD ရုံးချုပ် သည် ကမ္ဘာသိ အတိုက်အခံဒေါ်အောင်ဆန်းစုကြည်နှင့် သူမပါတီအတွက် သင်္ကေတ သစ်တခု ဖြစ်လာတော့မည် ဖြစ်သည်။ အာရှနိုင်ငံများသို့ သွားရောက်ကြသော ကမ္ဘာလှည့် ခရီးသည်များအတွက် အရေးတကြီး သွားရောက်ကြည့်ရှုရမည့် နေရာ တနေရာဖြစ်လာခဲ့ပြီဟု ဝေါစထရိဂျာနယ် သတင်းထောက် ပက်ထရစ်ဘာ ထရာ က သတင်းပေးပို့ ထားသည်။
“ထိုင်းက ပင်လယ်ကမ်းခြေတွေကို သွားရင် ဒီကိုကော ဘာလို့ မလာရမှာလဲဗျာ” ဟု ဘယ်လ်ဂျီယံ လူမျိုး ခရီးသည် အသက် ၂၄ နှစ်အရွယ် ဗင်ဒင်ဘရွတ် က ဒေါ်အောင်ဆန်း စုကြည် အမှတ်တရ ပြက္ခဒိန်နှင့် တီရှပ်များကို ရွေးချယ် ဝယ်ယူရင်း ပြောကြားလိုက်သည်။ ထိုအထဲတွင် သူမရုပ်ပုံနှင့် “ကျမ အားလုံးကို မေတ္တာထားပါတယ်” ဟူသော စာတန်းပါ တီရှပ်တထည်လည်း ပါဝင်သည်။
စားပွဲပေါ်တွင် ဒေါ်စုပုံပါ တီရှပ်များ၊ ပိုစတာများ၊ သော့ချိတ်များ၊ ဘေ့စ်ဘော ဦးထုပ်များ၊ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသော ဒေါ်စုပုံများ အပြည့်အလျှံရှိနေသည်။ ထူးခြားသည်မှာ ဧပြီလ ၂ ရက်နေ့ထုတ် အစိုးရ သတင်းစာ မြန်မာ့အလင်းတွင် ဒေါ် အောင်ဆန်း စုကြည်အကြောင်း သော်လည်းကောင်း၊ NLD အကြောင်းသော် လည်းကောင်း ရေးသားဖော်ပြထားခြင်း မရှိပေ။ အစိုးရအဖွဲ့ဝင် အရာရှိကြီးများ မဲပေးနေပုံ များကိုသာ ဖော်ပြ ထားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုမှစ၍ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းမှ အသစ်စက်စက် NLD အမတ်များကို စည်းရုံးလေ့ကျင့်သည့်အလုပ်သို့ ပြောင်းလဲ လုပ်ဆောင်ရတော့မည် ဖြစ်သည်။ တချိန်တည်းတွင် လက်ရှိ အစိုးရ ရာထူးကြီးများ ရယူထားကြသည့် ဗိုလ်ချုပ်ဟောင်းများနှင့် သူတို့အကြား ရှိနေသည့် အတွေးအခေါ် ကွာဟာမှု ကိုလည်း ပေါင်းကူးတံတားထိုးပေးဘို့ ကြိုးပန်းရဦးမည် ဖြစ်သည်။ လွှတ်တော်တွင်း အတိုက်အခံများအတွက် စိတ်ဓါတ် အသစ်နှင့် အာရုံစူးစိုက်စရာအသစ်ကို သူမက ဆောင်ကြဉ်းလာမည် ဖြစ်သည်။
စီးပွါးရေးမြို့တော် ရန်ကုန်မြို့မှ ၄ နာရီကြာ ကားမောင်းသွားရသည့် နေပြည်တော်တွင် နေထိုင်ရန် ဒုတိယ အိမ်တလုံး ကို သူမ ရှာဖွေနေကြောင်းဖြင့် သတင်းထောက်များကို တနင်္လာနေ့က သူမက ပြောကြားခဲ့သည်။
“ကျမမှာ ခွေးလေးတကောင် ရှိတာကိုလည်း မမေ့ကြပါနဲ့။ သူ့ကို ကျမနဲ့အတူ ခေါ်သွားရမှာပါ” ဟု ရယ်ရွှန်းပြောရှာ သည်။
သူ့သားငယ် ကင်မ်က လက်ဆောင်ပေးခဲ့သော ခွေးကလေး တိုက်ချိတို သည် နေပြည်တော်တွင် လူအများ စိတ်ဝင်စား စရာ အထူးအဆန်း ဖြစ်လာလိမ့်မည်ဟု ရိုက်တာ သတင်းထောက် အင်ဒရူးမာရှယ် က ရေးသားထားသည်။နေပြည်တော်သည် ယခု အချိန်ထိ နိုင်ငံခြားသံရုံးများ ပြောင်းရွှေ့ခြင်း မရှိသေးသည့်အတွက် အလွန်ငြီးငွေ့ဖွယ်ကောင်းပြီး ဒေါ်စု လွှတ်တော်သို့ ရောက်ရှိလာသည့်အတွက် ထိုကိစ္စမှာလည်း အပြောင်းအလဲများ ပေါ်ပေါက်လာဖွယ် ရှိနေပါသည်။
 
 
တရုတ်-မြန်မာ ကုန်သွယ်မှု ဒေါ်လာသန်း ၃၁၀ ဖိုး စာချုပ်ချုပ်
တရုတ်နိုင်ငံ ကွမ်ရှီးဒေသနှင့် မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များသည် အမေရိကန်
ဒေါ်လာ သန်း ၃၁ဝ ဖိုးရှိ ကုန်သွယ်မှု သဘောတူစာချုပ်ကို မတ်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့တွင် လက်မှတ်
ရေးထိုးနိုင်ခဲ့ကြသည်။မတ်လ ၃ဝ ရက်နေ့မှ ဧပြီလ ၂ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသော ကွမ်ရှီး ကုန်စည်ပြပွဲ ကျင်းပစဉ် လက်မှတ် ရေးထိုးခဲ့ကြောင်း ကွမ်ရှီးဒေသမှ အဆင့်မြင့် အရာရှိများနှင့် ကုမ္ပဏီမှ အရာရှိများက ဆိုသည်။“စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၃၁ဝ တန်ဖိုးရှိ စီးပွားရေး သဘောတူညီချက် စာချွန်လွှာ စုစုပေါင်း ၂ဝ ခုကိုမြန်မာနဲ့ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်တွေက မတ်လ ၃ဝ ရက်နေ့မှာ လက်မှတ် ထိုးကြပါတယ်” ဟု ကွမ်ရှီးဒေသ ဒု-အုပ်ချုပ်ရေးမှုး မစ္စတာ ရန်တောင်ရှီက မတ်လ ၃၁ ရက်နေ့တွင် လှိုင်သာယာ မြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ရှိအောင်ကြီး ကုမ္ပဏီသို့ အလည်အပတ် ရောက်ရှိ စဉ် ပြောကြားသည်။ကွမ်ရှီးဒေသ အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး မြှင့်တင်မှု လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပုဂ္ဂလိက လုပ်ငန်း ရှင်များအနေဖြင့် ငွေအရင်းအနှီးများ ပိုမို လိုအပ်မည်ဖြစ်ရာ ကွမ်ရှီးပြည်နယ် အစိုးရအနေဖြင့် မည့်သည့်နည်းလမ်းဖြင့် ကူညီရမည်ဆိုသည် ကို  နိုင်ငံအစိုးရချင်း ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် ရှိကြောင်း မစ္စတာ ရန်တောင်ရှီက ဆိုသည်။
“ကွမ်ရှီးဒေသနဲ့ မြန်မာနိုင်ငံ ကုန်သွယ်မှု လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ တိုးတက်ဖို့ လုပ်ဆောင်ရာမှာ အတားအဆီး အခက်အခဲတချို့ ရှိနေပါသေးတယ်။ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ အခွန်ကောက်ခံရေး လုပ်ငန်း အဆင့်တွေ ပိုမို အဆင်ပြေ ကောင်းမွန်ဖို့ လိုနေပါသေးတယ်” ဟု မစ္စတာ ရန်တောင်ရှီက ဆိုသည်။
ကွမ်ရှီး ထုတ်ကုန်ပြပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်း စင်တာတွင် ကျင်းပလျက်ရှိရာ ကွမ်ရှီးဒေသရှိ မြို့ပေါင်း ၁၄ မြို့ရှိ ကုမ္ပဏီပေါင်း ၁ဝဝ ကျော်မှ ဝန်ထမ်း ၅ဝဝ ကျော် တက်ရောက်ခဲ့သည်။
အဆိုပါ ပြပွဲတွင် ကွမ်ရှီးဒေသမှ ထုတ်ကုန် ပစ္စည်း စုစုပေါင်း ၁,ဝဝဝ ကျော်ကို ပြခန်းပေါင်း ၁ဝဝ ခန့် ဖြင့် ပြသခဲ့ရာ စက်ယန္တရားများ လုပ်ငန်းသုံးယဉ်များ၊ လူစီးမော်တော်ယဉ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကိရိယာများ လျှပ်စစ် ပစ္စည်းနှင့် အီလက်ထရောနစ် ပစ္စည်းများ LCD တီဗွီများ၊ အနုပညာ လက်ရာများ၊ တရုတ် ရိုးရာ တိုင်းရင်းဆေးများ၊ စားသောက်ကုန်များနှင့် အဝတ်အထည်များ ပါဝင်သည်ကို တွေ့ရှိရသည်။ပြပွဲတွင် ဦးဆောင် ပါဝင်သော ကွမ်ရှီးဒေသ မှ စီးပွားရေး ကုမ္ပဏီများတွင် ကွမ်ရှီး လျူကောင်း စက်ယန္တယား ကုမ္ပဏီ၊ ကွမ်ရှီး ဒုန်ဖန်း လျူကျီူး မော်တော်ယာဉ် ကုမ္ပဏီ၊ ကွမ်ရှီး ယူချိုင်း စက်ယန္တရား ကုမ္ပဏီနှင့် ကွမ်ရှီး စန်ချွမ် ကုမ္ပဏီတို့ ပါဝင်သည်။ကွမ်ရှီး လျူကောင်း စက်ယန္တရား ကုမ္ပဏီမှ ဒေသဆိုင်ရာ အရောင်းမန်နေဂျာ အန်ဒီဇောင် က “ကျနော်တို့ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကနေ ဝယ်လိုအား မနှစ်ကထက် ပိုမို ရရှိနေပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး လျှင်လျှင်မြန်မြန် တိုးတက်နေပြီး နိုင်ငံရေးကလည်း ပိုမိုတည်ငြိမ်လာလို့ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။ကွမ်ရှီး လျူကောင်း စက်ယန္တရား ကုမ္ပဏီသည် မြန်မာနိုင်ငံမှ အောင်ကြီး ကုမ္ပဏီ လုပ်ငန်းစုနှင့် အမေရိကန် ဒေါ်လာ ၁ဝ သန်းဖိုး စက်ယန္တရား ၁၂ဝ ကို တင်သွင်းရန်အတွက် မတ်လ ၃ဝ ရက်နေ့တွင် စာချုပ် ချုပ်ဆိုပြီး ဖြစ်သည်။လျူကောင်း စက်ယန္တရား ကုမ္ပဏီ အနေဖြင့် ၂ဝ၁၂ ခုနှစ်အတွင်း ယခင်နှစ်ကထက် အရောင်းတန်ဖိုး စုစုပေါင်း ၆၅ ရာခိုင်နှုန်းခန့် တိုးတက်မည် ဟု မျှော်မှန်းထားသည်ဟု မစ္စတာ ဇောင်က ဆိုသည်။“ကျနော်တို့အနေနဲ့ ဒီနှစ်အတွင်း မြန်မာနိုင်ငံမှာ အောင်ကြီးကုမ္ပဏီကတဆင့် အမေရိကန် ဒေါ်လာ သန်း ၂ဝ တန်ဖိုးရှိ စက်ယန္တာရား ၃ဝဝ ခန့် ရောင်းချဖို့ မျှော်မှန်းထားပါတယ်။ ၂ဝ၁၁ ခုနှစ်က အောင်ကြီးကုမ္ပဏီ ကနေ အမေရိကန်ဒေါ်လာ ၁၂ သန်းဖို့း စက်ယန္တရား စုစုပေါင်း ၁၈၅ ခု တင်သွင်းခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။
အောင်ကြီးကုမ္ပဏီ လုပ်ငန်းစုကို ၂ဝဝ၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှ စတင်ကာ ကွမ်ရှီး လျူကောင်း စက်ယန္တရား ကုမ္ပဏီနှင့် ချန်းလုံ ကုမ္ပဏီတို့ အတွက် မြန်မာနိုင်ငံ တဦးတည် ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့ပြီး ဆောက်လုပ်ရေး သစ်ထုတ်လုပ်ရေး နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းသုံး ယန္တရားများကို တင်သွင်းခဲ့သည်ဟု အောင်ကြီး ကုမ္ပဏီ လုပ်ငန်းစုမှ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးအောင်သူက ဆိုသည်။လျူကောင်း စက်ယန္တရား ကုမ္ပဏီသည် ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော အိန္ဒိယ ပန်လွိုင် ကုမ္ပဏီအတွက် အမေရိကန် ဒေါ်လာ ၁၇ သန်း တန်ဖိုးရှိ ယန္တရားပေါင်း ၇၃ ခုကို ရောင်းချခဲ့သေးသည်။

No comments: