Tuesday, April 10, 2012

KIO နှင့် အစိုးရအကြား စစ်ရေးအခြေအနေ တင်းမာနေဆဲ
 အစိုးရဘက်မှ စစ်တပ်များ လှုပ်ရှားမှု ပိုမိုများပြားလာသည့်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား စစ်ရေးအခြေအနေ တင်းမာနေလျက်ရှိကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြော သည်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် KIO ခေါင်းဆောင်များ သုံးကြိမ်တိုင်တိုင် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ပြေလည်မှုမရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရဘက်မှ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲကြီးများလည်း ဖြစ်ပွားလာနိုင်သည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကြည့်ရတာ ဒီရက်ပိုင်းအတောအတွင်းမှာ သူတို့ စစ်ဆင်ရေးကို ပြင်းပြင်းထန်ထန် လုပ်လာမယ့် အခြေအနေ၊ ပုံစံ၊ အရိပ်အယောင်လည်း တွေ့ရတယ်။ သူတို့တပ်ရဲ့ လှုပ်ရှားမှုမှာ ခါတိုင်းထက် မတူဘဲ ထူးထူးခြားခြားဖြစ်လာလို့ ကျနော်တို့ ခန့်မှန်းလို့ ရသွားတဲ့အချက်ပေါ့။ စစ်ရေးလှုပ်ရှားမှု ပိုပြီးတော့ များလာတဲ့ သဘောပါ။ ညဘက် တပ်တွေ လှုပ်ရှားမှုတွေ၊ ညအချိန်မှာ တပ်တွေ ပြောင်းရွှေ့တာမျိုးတွေ လုပ်တယ်”ဟု ဦးလနန် က မဇ္စျိမကို ပြောသည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်၌ အစိုးရ၏ စစ်ကားများ အသွားအလာ ရှိလာပြီး KIO အဖွဲ့များရှိရာ ဒေသအနီး ချဉ်းကပ်လာသည့် အနေအထားများလည်း တွေ့ရသည်ဟု ဦးလနန်က ပြောသည်။
အလားတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံးဒေသသို့ သွားသည့်ကားလမ်း၊ ဝိုင်းမော်-ဗန်းမော်သွားရာ ကားလမ်းပေါ်တွင် အစိုးရ စစ်ကားများ ညအချိန်တွင် တကြိမ် ဖြတ်သန်းသွားပါက ကား ၁ဝ စီးကျော်မှ ၂ဝ စီးထိ စစ်ကားများ ရွှေ့ပြောင်း သွားမှုများ ယခုရက်ပိုင်းအတွင်း နှစ်ကြိမ်ထက်မနည်း ရှိနေသည်ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။
“စစ်ကြောင်းတွေက မြစ်ကြီးနား- ဆဒုံး၊ ဂါဒေါင် စစ်ကြောင်းတွေ ရွှေ့ပြောင်းလာတာတွေ ရှိတယ်။ ညည ကား ၁ဝ စီးကျော်၊ ၂ဝ စီးလောက်နဲ့ ပို့တယ်။ တခေါက်ပို့ရင် ၄၅၀၊ ၅၀၀ လောက် သွားလာတာ တွေ့ရတယ်။ သူတို့ပြောတာကပြောင်းမယ်လို့ ပြောတယ်။ ဒါပေမယ့် ကားပြန်လာရင်တော့ အလွတ်ပြန်လာတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
KIO ၏ တပ်မဟာ ၃၊ ၄၊ ၅ လက်အောက်ခံ တပ်ရင်းများနှင့် အစိုးရတပ်ဖွဲ့များအကြား နှစ်ရက်ခြားတခါ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့ သမ္မတ ဦးသိန်းစိန်က စစ်ဆင်ရေးများ မပြုလုပ်ရန် ကာကွယ်ရေးဦးစီးချုပ်ကို ညွှန်ကြားထားပြီး နောက်ပိုင်း အစိုးရစစ်တပ်နှင့် KIO တပ်များအကြား ဧပြီလ ၈ ရက်နေ့အထိ တိုက်ပွဲပေါင်း ၃၆ဝ ကျော် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြစ်ကြီးနား-လိုင်ဇာ ကားလမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ် ဂန်ဒေါင်ယန်ကျေးရွာအနီး အခြေစိုက်ထားသည့် အစိုးရ စစ်တပ်၏ ဂန်ဒေါင်ယန် တပ်စခန်းမှ ၈၁ မမ၊ ၁၂ဝ မမ လက်နက်ကြီးတို့ဖြင့် ၃၊ ၄ ရက် ဆက်တိုက် ပစ်ခတ်မှုများ ရှိလာသည်ဟု ဦးလနန်က ပြောသည်။
အဆိုပါ လက်နက်ကြီးများ ပစ်ခတ်သဖြင့် ဂန်ဒေါင်ယန်ရွာမှ သုံးမိုင်ခန့် ကွာဝေးသော ဂျာထကျေးရွာရှိ KIO အဖွဲ့ပိုင် ဘူးဂါး ကုမ္ပဏီမှ မလိချောင်း လျှပ်စစ်ဓါတ်အားပေး စက်ရုံအား ထိမှန်မည်ကို စိုးရိမ်နေရသည်ဟု သူက မဇ္စျိမကို ပြော သည်။အဆိုပါဓါတ်အားပေးစက်ရုံမှ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် လျှပ်စစ်ဓါတ်အား ၉.၈ မဂ္ဂါဝပ် ဖြန့်ဖြူးနေခြင်းဖြစ်သည်။ပြီးခဲ့သည့် မတ်လအတွင်း တရုတ်နိုင်ငံ ရွှေလီမြို့တွင် အစိုးရနှင့် KIO တို့သုံးရက်ကြာ တွေ့ဆုံခဲ့သော်လည်း ယခုထိပြေလည်မှု မရသေးဘဲ နှစ် ဘက် ပြန်လည် တွေ့ဆုံ ရန် အစိုးရဘက်မှ ထပ်မံ အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။
အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရအကြား ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများသည် ယုံကြည်မှု တည်ဆောက်နေခြင်း ဖြစ်ပြီး ထိုယုံကြည်မှု တည်ဆောက်မှုအပေါ် သတိထားစောင့်ကြည့်ရမည် ဖြစ်ကြောင်း ဦးလနန် က ပြောဆိုလိုက်သည်။
“ကျနော်တို့ဘက်က သိပ်ပြီး ဝေဖန်စရာ မရှိပါဘူး။ ဒါပေမယ့် ဒါတွေက နှစ်ဘက် အယုံအကြည် ရှိလာအောင် တည်ဆောက်တဲ့ ကာလလို့ပဲ မြင်တယ်။ အဲဒီလို ယုံကြည်မှုကို ဒီလိုနဲ့ တည်ဆောက်သွားရမှာပဲ။ ဒါပေမယ့် ယုံကြည်မှု ဆိုတဲ့နေရာမှာ ဟန်ဆောင်မှု ယုံကြည်မှုဆိုတာကိုတော့ ကျနော်တို့ဘက်က သတိ ထားပြီးတော့ စောင့်ကြည့်ရမှာပဲ” ဟု ဦးလနန်က ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။လက်ရှိရပ်နားထားပြီး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် တတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေး များသို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များ တက်ရောက်ရန် တနင်္လာနေ့ နံနက်ပိုင်းက နေပြည်တော်မှ တရားဝင် အကြောင်းကြားခဲ့ကြောင်း ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။“ဒီနေ့ပဲ နေပြည်တော်က အကြောင်းကြားတယ်။ ၂၃ ရက်နေ့ တက်ဖို့။ အချိန် အရမ်းကပ်သွားတော့ ကျနော်တို့လည်း အရမ်းအလုပ်များနေကြပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး မပြီးပြတ်သေးသည့် ကာလဖြစ်၍ ကြားဖြတ်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များအနေဖြင့် စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေးမှသာ လွှတ်တော်တွင်း ပါဝင်ခွင့်ရမည်ဟု အများက ယူဆထားကြပြီး အနိုင်ရ NLD ကိုယ်စားလှယ်များ ကိုယ်တိုင်ပင် ယခုကဲ့သို့ စောစီးစွာ လွှတ်တော်တွင်း ဝင်ခွင့်ရမည်ဟု ယူဆမထားခဲ့ပေ။“ဒီလွှတ်တော်ခေါ်ထားတာ သိပ်မကြာသေးတော့ ပုံမှန်အတိုင်းဆိုရင် မေလလောက်မှလို့ ထင်ထားတာ။ ဒါပေမယ့် ဟိုနေ့က သတင်းစာထဲမှာ ၂၃ ရက်နေ့ဆိုတော့ ထင်တော့ ထင်လိုက်တယ်။ ချက်ချင်းကြီး စီစဉ်လိုက်တယ် ဆိုတာ
တော့ အကြောင်းတခုခု ရှိလို့နေမှာပေါ့” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။
လွှတ်တော်အတွက် ပြင်ဆင်ချိန် ၁၄ ရက်သာ ရသော်လည်း လွှတ်တော်နိုင်ငံရေး စတင်လုပ်စ ဖြစ်၍ အခက်အခဲများ ကြုံရမည်ဟု မျှော်မှန်းထားပြီးဖြစ်ကြောင်း သို့သော် မိမိကိုယ်စားပြုသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွက် လိုအပ်ချက် အများစုကို သိထားပြီး ဖြစ်ကြောင်း ဒေါ်ဖြူဖြူသင်း က ပြောဆိုသည်။“အခုဆိုရင် မြို့နယ်ထဲက အခက်အခဲတွေ၊ အကျပ်အတည်းတွေ ခြုံငုံပြီး သိသင့်သလောက် သိနေပြီ။ ပြည်သူတွေ ကလည်း ပြောရဲဆိုရဲ ရှိလာတော့ ကျမမြို့နယ်အတွက် လိုအပ်ချက်တွေကတော့ သိနေပြီပဲ ပြောရမှာပါ။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ဘာတို့ကတော့ ပါတီအနေနဲ့ ညှိနှိုင်းပြီး လုပ်ရမှာပေါ့” ဟု ဒေါ်ဖြူဖြူသင်း က မဇ္ဈိမကိုပြောသည်။
လွှတ်တော်တွင်းသို့ ရောက်ရောက်ချင်း ပါတီအနေဖြင့် မည်သည့် အရေးကိစ္စများ ကိုင်တွယ်မည် ဆိုသည့်ကိစ္စနှင့် ပတ်သတ်၍ ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်များ အစည်းအဝေးကို ဧပြီ ၁၉၊ ၂၀ တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၈ ရက်နေ့က ပြောဆိုခဲ့ပြီး အများဆန္ဒဖြင့် တိုင်ပင် ဆုံးဖြတ်သွားမည်ဟု သူမက ဆိုသည်။
လက်ရှိကျင်းပနေဆဲ တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဥပဒေမူကြမ်း တင်သွင်းခြင်း ကဲ့သို့သော လုပ်ငန်းများ အများစု ပြီးစီးနေပြီဖြစ်၍ NLD အနေဖြင့် ဥပဒေကြမ်း တင်သွင်းခြင်းမျိုးကို စတုတ္ထအကြိမ်မြောက် လွှတ်တော် အစည်းအဝေးများတွင်သာ ပြုလုပ်နိုင်မည်ဟု ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးက သုံးသပ်သည်။“ဥပဒေတင်တာမျိုးတော့ ဒီဆက်ရှင်မှာ သိပ်လုပ်ခွင့် ရတော့မယ် မထင်ဘူး။ တော်တော်များများက ဥပဒေကြမ်းကော်မတီတို့ ဘာတို့ကို တင်ပြီးသားတွေ များတယ်။ ဥပမာ မြေယာပိုင်ဆိုင်ခွင့် ဥပဒေဆို တင်ပြီးပြီ။ ဒါပေမယ့် မဲခွဲတဲ့အခါတွေဘာတွေမှာ မဲပေးတာမျိုး၊ ဝင်ဆွေးနွေးတာမျိုးတော့ လုပ်ခွင့်ရလိမ့်မယ်ထင်တယ်” ဟု မြန်မာ့ဓန မဂ္ဂဇင်းနှင့် အိုးပင်းနယူးစ်ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစော က ခန့်မှန်းသည်။ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့ လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ နှင့် NDF မှ ကူးပြောင်းလာခဲ့သည့် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးနှင့် ပေါင်းပါက NLD သည် လွှတ်တော်
နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၄၂ ယောက်ရှိပြီး ပြည်ထောင်စုလွှတ်တော်၏ ၆.၄ ရာခိုင်နှုန်း ရရှိထားသည်။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်အချို့လည်း ၎င်းတို့ပါတီများမှ နုတ်ထွက် ကာ NLD သို့ ၀င်ခွင့်ရရန် လျှောက်ထားမှုများ ရှိနေသည်။

၁၉၉၀ နှင့် ၂၀၁၀ မွန်နှစ်ပါတီပေါင်း၍ ပါတီသစ် မှတ်ပုံတင်မည်

၁၉၉ဝ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP တို့ ပူးပေါင်းကာ ပါတီသစ်တခုအဖြစ် မှတ်ပုံတင်ရန် ပြင်ဆင် လျက် ရှိသည်ဟု နှစ်ဘက် ပါတီခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။မွန်ပါတီနှစ်ခု ပေါင်းစည်းရန်မှာ မွန်သံဃာတော်များနှင့်မွန်လူထု၏ဆန္ဒနှင့်တထပ်တည်းကျသည်ဟုလည်း AMDP ခေါင်းဆောင် နိုင်ငွေသိန်း က မဇ္ဈိမကို ပြောသည်။“သံဃာတော်တွေရယ်၊ ပြည်သူတွေရယ်က ပေါင်းချင်တဲ့ဆန္ဒရှိကြတယ်။ နာမည် ပြောင်းမလား ပါတီသစ်အနေနဲ့ လုပ်ဖို့ပေါ့။ သူတို့နာမည်နဲ့လည်း မဟုတ်ဘူး၊ ကျနော်တို့ နာမည်နဲ့လည်း မဟုတ်ဘူး။ ကျနော် ကမ်းလှမ်းထားပြီးဖြစ်ပါတယ်။ ကြားနာမည်တခု ဖြစ်လာလိမ့်မယ်။ အတတ်နိုင်ဆုံးတော့ ဖြစ်အောင်တော့ လုပ်မယ်” ဟု နိုင်ငွေသိန်းကပြောသည်။
ပါတီနှစ်ခု ပူးပေါင်းကာ ပါတီသစ်အဖြစ် မှတ်ပုံတင်နိုင်ရန်အတွက် ဧပြီလ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ ၌ နှစ်ဘက် ပါတီများမှ ခေါင်းဆောင်များ၊ မွန်သံဃာတော် ၇၇ ပါးနှင့်အတူ တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟု MNDF အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက မဇ္ဈိမကို ပြောသည်။ “ကျနော်တို့ ပေါင်းမယ်။ ပေါင်းပြီးတော့ ပါတီခေါင်းဆောင်တွေကို လျှို့ဝှက်မဲနဲ့ ပြန်ပြီးတော့ ရွေး ပါမယ်။ ပြည်သူတွေ ဆန္ဒ၊ သံဃာတော်တွေဆန္ဒက ပေါင်းစေချင်တယ်ဆိုတော့ ကျနော်တို့က ဥပက္ခာပြုလို့ မရဘူးပေါ့” ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။
ပါတီသစ် မှတ်ပုံတင်ပြီးပါက “ကျနော်တို့ ပါတီထောင်ပြီးရင်တော့ NLD နဲ့ ညှိရမယ့် အပိုင်းတွေလည်း ရှိပါတယ်။ လွှတ်တော်ထဲ ဝင်သွားတဲ့အခါကျရင် ကျနော်တို့က NLD နဲ့ ဖက်လှဲတကင်းနဲ့ ဥပဒေပြုမှုအရာမှာ အများကြီး ထိရောက်မယ်လို့ ကျနော်ထင်ပါတယ်။ ၂ဝ၁၅ အတွက်ပဲပေါ့လေ၊ ကျနော်တို့ မှတ်ပုံပြန်တင်တာက” ဟု မဇ္ဈိမကိုပြောသည်။MNDF တွင် ပါတီဥက္ကဋ္ဌအဖြစ် အသက် ၉ဝ အရွယ် နိုင်ငွေသိမ်းက တာဝန်ယူထားပြီး AMDP တွင်မူ အသက် ၆ဝ ကျော်အရွယ် နိုင်ငွေသိန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကြသည်။MNDF သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် ၁၉ နေရာဝင်ပြိုင်ခဲ့ပြီး အမတ် ၅ နေရာတွင် အနိုင်ရရှိခဲ့သည်။ ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံရသည်။ AMDP ကမူ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ၃၄ နေရာဝင်ပြိုင်ခဲ့ပြီး ပြည်သူ့ လွှတ်တော်တွင် ၃ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော်တွင် ၉ နေရာဖြင့် စုစုပေါင်း ၁၆ နေရာ ရှိခဲ့သည်။၁၉၉ဝရွေးကောက်ပွဲဝင်ပါတီတခုဖြစ်သည့်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ALDသည်လည်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး ဧပြီလ ၆ ရက်နေ့တွင် ပြည်ထောင်စု   ရွေးကောက်ပွဲ ကော်မရှင် မှ မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ယင်းအပြင် ၁၉၉ဝ ရွေးကောက်ပွဲဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD သည်လည်း မတ်လ ၁၆ ရက်နေ့တွင် ပါတီမှတ်ပုံတင် ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်သည်။

No comments: