
စပိန် ရေနံ ကုမ္ပဏီကို နိုင်ငံပိုင်လုပ်ဖို့ အာဂျင်တီးနား သမ္မတ ပြောပြီ
စပိန် ရေနံ ကုမ္ပဏီ တခုကို နိုင်ငံပိုင် လုပ်ဖို့ ပြင်နေတဲ့ အာဂျင်တီးနား အစိုးရရဲ့ အစီအစဉ်ဟာ ရန်လိုပြီး တဖက်သက် ထင်ရာဆိုင်း လုပ်ရပ် ဖြစ်တယ်လို့ ဆိုကာ စပိန် အစိုးရက ရှုတ်ချလိုက်ပါတယ်။
အရေးပေါ် လွှတ်တော် အစည်းအဝေး ကျင်းပပြီးတဲ့နောက် စက်မှုဝန်ကြီး က သတင်းထောက်တွေကို ပြောကြားရာမှာ စပိန် အစိုးရဖက်က ဒီကိစ္စကို ပြတ်ပြတ်သားသား အပြင်းအထန် တုန့်ပြန် သွားမယ် လို့ ဆိုသလို နိုင်ငံခြားရေး ဝန်ကြီးကလည်း အာဂျင်တီးနားရဲ့ ဆောင်ရွက်ချက်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပျက်ပြားစေတယ်လို့ ပြောပါတယ်။
အာဂျင်တီးနားမှာ တူးဖော်ရေး လုပ်ကိုင်နေတဲ့ စပိန် ရေနံ ကုမ္ပဏီ ဝိုင်ပီအက်ဖ် YPF ရဲ့ ရှယ်ယာ 51ရာနှုန်းကို အာဂျင်တီးနား အစိုးရ ယူပြီး နိုင်ငံပိုင် လုပ်ချင်တယ်လို့ သမ္မတ ခရစ်စတီးနား ဖာနန်ဒက်ဇ်က အစောပိုင်းတုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ အာဂျင်တီးနားမြေပေါ်မှာ နိုင်ငံပိုင် သယံဇာတတွေ အပေါ် ထိန်းချုပ်ဖို့ ဖြစ်တယ်လို့ မစ္စဖာနန်ဒက်ဇ်က ပြောပါတယ်။
တကယ်တော့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အစီအစဉ်အရ Repsol စပိန် ကုမ္ပဏီက ဝိုင်ပီအက်ဖ်ကို ပြီးခဲ့တဲ့ ဆယ်နှစ်ကျော် ကတည်းက ဝယ်ယူခဲ့တာ ဖြစ်ပြီး မကြာသေးခင်တုန်း ကတော့ ဒီဝိုင်ပီအက်ဖ် ရေနံ ကုမ္ပဏီက အဓိက ရေနံမြေ တခုကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment