ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ
သင်္ကြန်ကာလမှာ မြန်မာနိုင်ငံ အနှံ့ ပျော်ရွှင် ရေကစားနေကြချိန်မှာ ကချင်ပြည်နယ်အတွင်း နေရာ တော်တော်များများ မှာတော့၊ အမြောက်သံ ဗုံးသံ ကျည်ဆံတွေနဲ့ တိုက်ပွဲတွေ တောက်လျောက် ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ကေအိုင်အေနဲ အစိုးရ စစ်တပ် အကြား အပြန်အလှန် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ဖြစ်တဲ့ နေရာတွေကတော့ မိုးမောက်မြို့နယ် ၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းနဲ့ ဝိုင်းမော်မြို့နယ် ‘ကန်ဒေါင်ယန်’ အနီးတဝိုက်မှာလို့ ဆိုပါတယ်။
ဒေါ့ဖုန်းယန်မြို့နယ်ခွဲ -‘မြို့သစ် - ကုန်းလော်’ရွာအနီးမှာ ကေအိုင်အေနဲ့ စစ်တပ်အကြား သောကြာနေ့ မနက် (၈)နာရီမှ (၈)နာရီခွဲအထိ တကြိမ်၊ နေ့လည် (၃)နာရီ ကနေ ညနေ (၆)နာရီကျော်အထိ တကြိမ် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကေအိုင်အေ တပ်မဟာ(၅) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)လက်အောက်ခံ တပ်ဖွဲ့တွေ အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပြီး၊ အစိုးရ စစ်တပ်ဖက်က (၄)ယောက် ကျဆုံးကာ (၃) ယောက် ဒဏ်ရာရတဲ့အပြင်-မြင်းတွေပါ ဒဏ်ရာရမှုရှိခဲ့ကြောင်း ကေအိုင်အေ ဖက်က ဆိုပါတယ်။
အခုလို တိုက်ပွဲတွေ တကျော့ပြန် အရှိန်မြင့် လာရတာကတော့ ပြီးခဲ့တဲ့ ၁၁ ရက်နေ့ ဗုဒ္ဒဟူးနေ့ ညနေပိုင်းက ဒေါ့ဖုန်းယန်အနီး တောင်ထိပ်ပေါ်ရှိ ကေအိုင်အေ ရှေ့တန်း စခန်းငယ်တခုကို အစိုးရ စစ်တပ်ဖက်မှ အင်အား(၁ဝဝ)ကျော်နဲ့ တက်ရောက် သိမ်းပိုက်လာတဲ့ အတွက် ကေအိုင်အေဖက်က ဆုတ်ခွါ ပေးလိုက်ရတာက စတင်တယ်လို့ ဆိုပါတယ်။
မနေ့က ကြာသပတေးနေ့ တုန်းကလဲ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ ‘ရေတံခွန်’ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်ဖက်မှ (၁ဝ)ယောက် ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့သလို၊ ည (၁၁)နာရီ လောက်တုန်း ကလဲ မိုးမောက်မြို့နယ် ‘ခဝမ်ဘန်’ ရွာအနီးမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ အစိုးရ စစ်တပ်ဖက်မှ အင်အား(၁ဝ)ယောက်ကျော်ပါ ဟိုင်းလတ်ကားတစီး မိုင်းထိကာ ဂျောက်ထဲ ထိုးကျသွားရကြောင်း ဒေသခံတွေ အပြောအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ(၁၁)ရက်နေ့က ဆုတ်ခွါပေးလိုက်ရတဲ့ ရှေ့တန်းစခန်းကိုတော့ မနေ့က သောကြာနေ့ ညနေပိုင်းမှာပဲ ကေအိုင်အေဖက်က ပြန်လည် ရယူ လိုက်နိုင်တယ်လို့ ပြောပါတယ်။
အခုလို တိုက်ပွဲတွေ အရှိန်မြင့်လာမှုကြောင့် - ဗန်းမော်-လွယ်ဂျယ်လမ်းကိုလဲ ကေအိုင်အေ ဖက်ကနေ- ပြီးခဲ့တဲ့ ကြာသပတေးနေ့ ကစပြီး ပိတ်ဆို့ ထားလိုက်ပြီလို့ ဆိုပါတယ်။
ကေအိုင်အေ ဖက်ကနေ- လမ်းကြောင်းပေါ် သွားလာနေကြတဲ့ ကားသမားတွေကို အသိပေးထားပြီး ဖြစ်သလို၊ မိုးမောက်မြို့နယ်အတွင်း-‘ခဝမ်ဘန်’ဒေသတဝိုက်အထိလဲ စာထုတ် စာကပ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
No comments:
Post a Comment