Friday, April 06, 2012

HRW က သယံဇာတ ရောင်းဝယ်ရေးကို ဆက်လက် ပိတ်ပင်ထားဖို့ လိုသေးကြောင်းပြော

မြန်မာ စစ်ဗိုလ်ချုပ်များ ထိန်းချုပ်ထားသည့် သယံဇာတ ဆိုင်ရာ ကူးသန်းရောင်းဝယ် ခွင့်ကို ဥရောပ သမဂ္ဂ အီးယူအနေနှင့် ဆက်ပြီး ပိတ်ဆို့ထားရန် လိုအပ်နေသေးကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က ယမန်နေ့က ပြောဆို လိုက်ပါသည်။


HRW သည်၊ ကျောက်မျက်ရတနာ၊ သစ် စသည့် ကူးသန်းရောင်းဝယ်ရေးနှင့် သတ္တုမိုင်း တူးဖော်ရေးများအပေါ် ပိတ်ဆို့ အရေးယူထားမှုများကို ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့အရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲအတွက်အီးယူကိုပေးပို့သည့်အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားပါ သည်။ထို့အပြင် မြန်မာ အာဏာပိုင်များအပေါ် ကန့်သတ်ထားသည့် ဥရောပပြည်ဝင်ခွင့် ဗီဇာကို အမည်နှင့် ပုဂ္ဂိုလ်အလိုက် ရုပ်သိမ်းပေးခြင်း၊ လူသားချင်း စာနာ ကူညီမှု ဆိုင်ရာများ ထောက်ပံ့ကူညီမှုတွင် ဆောင်ရွက်ပေး သင့်သည်ဟု HRW ၏ နယူး ယောက်မြို့ဌာနခွဲမှ ပြောခွင့်ရ အမျိုးသမီး Elaine Pearson ကပြောပါသည်။ အစိုးရသည် လွတ်လပ်သည့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးရုံနှင့် မြန်မာအစိုးရက နောက်ကြောင်းပြန် မလှည့်ပါဘူး ဆိုသည့် သံသယကို အားနည်းသွားစေသည်ဆိုသော်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး အတွက် ရှေ့ဆက် တိုးတက်သွားပါတော့မည်ဆိုသည့် အာမခံချက်ကို ပေးလိုက်ရာလည်း မဟုတ်သေးပါဘူးဟု HRW ရဲ့ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားပါသည်။အထူးသဖြင့် ကချင်နှင့် ရှမ်းပြည် မြောက်ပိုင်းဒေသများတွင် စစ်ဘေးကြောင့် ထွက်ပြေးရသည့် ဒုက္ခသည်များ၊ အကျဉ်းထောင်တွေထဲ၌ နိုင်ငံရေးအကျဉ်းသားများ ဆက် လက်ထိန်းသိမ်းခံနေရခြင်း များသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ ဖြစ်သည်ဟု HRW ပြောခွင့်ရ အမျိုးသမီး Elaine Pearson က ပြောပါသည်။

ကေအန်ယူ၏ ဆီဒိုးနား တောင်းဆိုချက်များ

 ကေအန်ယူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် ဦးအောင်မင်းတို့ အဖွဲ့သည်၊ ယနေ့နံနက် ၈း၃၀ နာရီတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟော်တယ်၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ ယင်းဆွေးနွေးပွဲ၌ KNU အဖွဲ့က အချက် (၆) ချက် တောင်းဆို ခဲ့သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် တဦးက ပြောပါသည်။ ၄င်းအချက်များမှာ-
၁။ တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသား နယ်မြေများ အတွင်း ဖြစ်ပွား နေသည့် စစ်မက်များ အမြန်ဆုံး ရပ်ဆဲရမည်၊
၂။ ကြောက်ရွံ့ ခြင်း ကင်းသည့် ပြည်သူပြည်သား ဘ၀ အဖြစ် ရပ်တည်နိုင်ရန် အာမခံရမည်၊
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေ တည်ဆောက်ရန်၊
၎။ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်း ပုံစံမျိုးဖြင့် ငွေကောက်ခံခြင်း၊ ပေးကမ်းလှူဒါန်း ခိုင်းခြင်း၊ အခြား အခြားသော ငွေကြေး ကူညီစေခြင်းများ မပြုရန်၊
၅။ အကျဉ်းသားများ လွှတ်ပေးရန်နှင့်
၆။ ပြည်သူပြည်သားများ ဘ၀ပြန်လည် ထူထောင်ရေးနှင့် ပြည်သူများ၏ မြေယာ ကိစ္စများကို ဖြေရှင်းပေး ရန်၊ စောင့်ကြပ် ကြည့်ရှုပေးတဲ့ အဖွဲ့ဖွဲ့ရန် တို့ဖြစ်သည်။
ယင်းအစည်းအဝေးကို KNU ဘက်မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် အပါအ၀င် ၂၁ ဦးနှင့် မြန်မာ ဘက်မှ ၀န်ကြီး ဦးအောင်မင်းအပါဝင် ပြည်ထောင်စုဝန်ကြီး ၇ ဦးတို့ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
ဤသည် ၊မြန်မာ အစိုးရနှင့် KNU တို့ ပထမ အကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲဖြစ်ပြီး၊ အပစ်အခတ် ရပ်စဲရေး ကိစ္စကို ဧပြီလ (၄) ရက်နေ့ ကတည်းက ကရင်ပြည်နယ်အစိုးရနှင့်  လက်မှတ်ရေးထိုး ခဲ့ပြီး ဖြစ်သည် ဟု ငြိမ်းချမ်းရေး အကျိုးဆောင်က ဆိုပါသည်။
ဤအစည်းအဝေး ပြီးဆုံးပါက KNU အဖွဲ့သည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန် ရှိနေပါသည်။
KNU အဖွဲ့သည် ဧပြီ (၄) ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ စတင် ထွက်ခွာလာပြီ၊ ကရင်ပြည်နယ် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါသည်။ ဧပြီ ၅ ရက်နေ့ ညနေ ၅း၃၀ နာရီခန့်၌ ရန်ကုန်သို့ ရောက်ရှိလာပြီး ကုန်သည်ကြီးများ ဟိုတယ်ဖြစ်သည့် ဆီဒိုးနားဟိုတယ်တွင် တည်းခိုနေကြ ပါသည်။

No comments: