Wednesday, August 22, 2012

မိုးစပါး အထွက်လျော့ကျမည်ဖြစ်သော်လည်း ပြည်ပဆန်တင်ပို့မှုအား ရပ်ဆိုင်းမည်မဟုတ်


ယခုမိုးစပါးစိုက်ရာသီတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးသည်းထန်ကာ ဆိုးရွားစွာ ရေနစ်မြုပ်မှုဖြစ်ပွားပြီး မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင်မူ မိုးရွာသွန်းမှုမရှိဘဲ အဆိုးရွားဆုံး မိုးခေါင်မှုဖြင့် ကြုံတွေ့နေရသည့်အတွက် ယခုနှစ် မိုးစပါးအထွက်မှာ လျော့ကျမည် ဖြစ်ကြောင်း သိရသည်။
မိုးစပါး အထွက်လျော့ကျမည်ဖြစ်သော်လည်း ပြည်ပဆန်တင်ပို့မှုအား ရပ်ဆိုင်းမည်မဟုတ်ဘဲ ချင့်ချိန် တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော် အရန်ဆန်များ ရှိနေသည့်အတွက် ပြည်တွင်းဆန်ဈေး မြင့်တက်မှုဖြစ်ပေါ်နိုင်သည့် အခြေအနေအတွက်လည်း စိုးရိမ်ရန်
မရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားခဲ့ပါသည်။
''ရာသီဥတု ဖောက်ပြန်မှုကြောင့် ဒီနှစ်မိုးစပါးအထွက်ကတော့ လျော့မှာပါ။ အဲဒီအတွက် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်တင်ပို့သွားဖို့ စီစဉ်ထားပါတယ်။ ပြည်တွင်း ဆန်ဈေးနှုန်းအတွက်လည်း စိုးရိမ်ဖို့ မလိုပါဘူး။ နိုင်ငံတော် အရန်ဆန်တွေထားရှိတဲ့အတွက် လိုအပ်လာရင် ချက်ချင်းထုတ် ပြီး ဖြေရှင်းပေးသွားမယ်၊ ဈေးနှုန်း တည်ငြိမ်အောင် လုပ်ပေးဖို့ ကြိုတင်စီစဉ်ပေးထားပါတယ်''ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ  ဦးချစ်ခိုင်က ပြောကြားခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများအနေဖြင့်လည်း ယခင်ကကဲ့သို့ ဆန်ပြည်ပတင်ပို့မှုအား ရပ်ဆိုင်းလိုက် ပြန်ဖွင့်လိုက်လုပ်မည်မဟုတ်ဘဲ ဌာနအနေဖြင့် လိုင်စင်ထုတ်ပေးမှုအား ပုံမှန်အတိုင်း ခွင့်ပြုသွားရန်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
''ကျွန်တော်တို့က ပုံမှန်အတိုင်း ခွင့်ပြုသွားမှာပါ။ လိုင်စင် ထုတ်ပေးသွားမှာပါ။ အရင်လို ဖွင့်လိုက် ပိတ်လိုက်လုပ်မှာ မဟုတ်ပါဘူး။ ချင့်ချိန်တာကတော့ ဆန်စပါးအသင်းနဲ့ တင်ပို့တဲ့ကုမ္ပဏီတွေ ညှိနှိုင်းလုပ်ဆောင်ရမှာပါ''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းရေးဝန်ကြီးဌာန တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သြဂုတ်လ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ထားသည့် ပမာဏမှာ တန်ချိန် ၄၂၇၅၀၀ ကျော်ရှိပြီး အမေရိကန် ဒေါ်လာ ၁၆၁ သန်းကျော်ရရှိထားကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိ မိုးစပါးစိုက်ရာသီတွင် ဧရာဝတီ၊ ပဲ ခူး၊ ရန်ကုန်၊ တနင်္သာရီတိုင်းဒေသ ကြီးနှင့် မွန်၊ ကရင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် လယ်မြေ ဧက ငါးသိန်းကျော် ရေနစ်မြုပ်လျက်ရှိပြီး ဧကတစ်သိန်းသုံးသောင်းကျော်သာ ရေပြန်ပေါ်သည့် အနေအထားရှိ ကြောင်း သိရသည်။ ထို့အတွက် တောင်သူများအနေဖြင့် ပျက်စီးဆုံးရှုံးကာ နောက်ထပ်တစ်ကြိမ် ပြန်လည်စိုက်ပျိုးရတော့မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရန်အတွက် လယ်/ဆည်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းတို့မှ မျိုးစပါးများ ကူညီပေးလျက်ရှိကြောင်း သိရသည်။
မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးစသည်ဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင်မူ ဆိုးရွားစွာ မိုးခေါင်မှုကြောင့် မိုးကြိုစပါးနှင့် သီးနှံများ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိုးရွာလျှင် စပါးစိုက်ပျိုးရတော့မည့် ယခုအချိန်အထိ လယ်ယာလုပ်ငန်းခွင် မ၀င်ရသေးကြောင်း သိရှိရသည်။

from-Eleven

No comments: