Friday, October 19, 2012
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဒါး ကမြို့မှ အိမ်မဲမြို့သို့ သွားရောက်သည့် လမ်းဘေး ၀ဲယာရှိ ကျူးကျော်လူနေဆိုင်ခန်းများအား ယခုလ ၂၀ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေး ရန် ဆောက် လုပ်ရေး ၀န်ကြီးဌာနက စာထုတ်ပြန် ညွှန်ကြားထားသည်။ ဒါးက အိမ်မဲကားလမ်းဘေး ၀ဲယာတွင် ဖျက်သိမ်းရမည့် ဆိုင်ခန်းပေါင်း ၄၂ ခန်းရှိပြီး သတ်မှတ်ရက် အတွင်း မဖျက်ပါက လမ်းမကြီးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ် လက်ထောက် အင်ဂျင်နီယာရုံး၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။ ကျူးကျော်ဆိုင်ခန်းများအား လမ်းဘေးဝဲယာမှ ဖျက်သိမ်း၍ မူလနေရာမှ ကိုက် ၂၀ ခန့်ဝေးသည့် နေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် ဆောက်လုပ်ရေးဌာန၏ စီစဉ်ထားမှုမှာ မိမိတို့အတွက် အဆင်မပြေကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။ “ရွေ့တဲ့နေရာ မှာတောင် လမ်းမကြီးများဥပဒေအရ ၇၅ ပေအကွာ နောက်ကိုဆုတ်ပေးရမယ်။ နောက်မှာက လယ်တွေပဲရှိတယ်။ အဲဒီလယ်မြေထဲကို ၁ ပေ ဆုတ်လိုက်တာနဲ့ ၁ သိန်းခွဲ ပေးရမယ်။ ဒေသခံတွေက လက်လုပ် လက်စားသမားတွေဆိုတော့ မပေးနိုင်ဘူးဗျ”ဟု ဆိုင်ခန်းပိုင်ရှင် ဦးကံမြက ဧရာဝတီကို ပြောသည်။ထို့ကြောင့် မိမိတို့အနေဖြင့် ပြောင်းရွှေ့ရမည့်နေရာတွင် လမ်းမကြီးဘေးမှ ၇၅ ပေ အစား ၃၅ ပေခန့်သာ နောက်ဆုတ်ပေး၍ ဆိုင်ခန်းဖွင့်လှစ်ဆောက်လုပ်လိုကြောင်း သူက ဆက်ပြောသည်။
ဆိုင်ခန်းများပြောင်းရွှေ့ဖွင့်လှစ်ရန်သတ်မှတ်ထားသည့်နေရာမှာ မြေနိမ့်ပိုင်းဖြစ်သဖြင့် ရေအိုင်ကြီးဖြစ်နေပြီး ထိုရေထဲမှာပင် ဆောက်လုပ်ရေးဌာနက လမ်းနယ်နိမိတ်ငုတ်တိုင် အမှတ်အသား စိုက်ထူထားသည်။ ဒါးက -အိမ်မဲ ကားလမ်းဘေးတွင် ၀ါးဓနိဆိုင်၊အအေးဆိုင်၊စားသောက်ဆိုင်၊ ငါးစိမ်းဒိုင်၊ ကြက်ဒိုင်၊ ငါးရှဥ့်ဒိုင်၊ ကုန်စုံဆိုင်စသည့်ဈေးဆိုင်ခန်းများအပြင် အရက်နှင့် ဘီယာဆိုင်များပါ ဖွင့်လှစ်ထားသည်။ ယင်းဆိုင် ခန်းနေရာများမှာ ယခင်ကဆက်သွယ်ရေးဝန်ထမ်းသက်သာဆိုင်ခန်းများဖြစ်ပြီး ၂၀၀၂ ခုနှစ် ကစတင်ကာ တခန်းလျှင် ၃ သောင်းကျပ်ပေး၍ ၀ယ်ယူခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအဆက်ဆက် ငွေပေးဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ရှင်များက ပြောသည်။ ဆိုင်ခန်းပိုင်ရှင်များထဲ တွင်ဆိုင်ခန်းအဖျက် ခံရပါ က ပြောင်းရွှေ့ဆောက်လုပ်ရန် ငွေမရှိ၊ နေစရာလည်း မြေမရှိသည့်မိသားစုများလည်းရှိနေသည်။ “ကျမတို့လာနေတာ ၂ နှစ်လောက်ရှိပြီနေစရာ မရှိလို့လာနေတာပါ။ ကျမယောက်ျားက စက်ဘီးပြင် ဆိုင်ဖွင့်ပါတယ်။ အခုဖျက်ရမယ်ဆိုတော့ ဘယ်မှလည်း ရွှေ့စရာ နေရာမရှိဘူး။ ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး" ဟု ဆိုင်ခန်းပိုင်ရှင် မငယ်က ပြောသည်။ ထို့ကြောင့် ဆိုင်ခန်းပိုင်ရှင်များက တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်တို့ထံ ဆိုင်ခန်းများမရွှေ့ပြောင်းရန် အသနားခံစာ တစောင်ကို ယနေ့ ရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment