Monday, October 29, 2012

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနလက်အောက်ရှိ ဌာနခွဲအချို့အား ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်သွားမည်

Monday, October 29, 2012
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနလက်အောက်ရှိ ဌာနခွဲအချို့အား ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင် က
အောက်တိုဘာလ ၂၈ရက် နေ့က အလုံသင်္ဘောကျင်း၊ဧရာခန်းမ၌ ပြောကြားခဲ့သည်။''လက်ရှိမှာ ပိတ်
သိမ်းခဲ့ရတဲ့ ကူးတို့လမ်းတွေရှိတဲ့အတွက် အရှုံးပေါ်နေတဲ့ ဌာနခွဲတစ်ချို့ကို ပုဂ္ဂလိကနဲ့ အရင်ပူးပေါင်း လုပ်ဆောင်သွားမယ်။ ဒါကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် နိုင်ငံပိုင်သတင်းစာနဲ့ မီဒီယာတွေမှာ ကြိုတင်ကြေညာသွားမှာပါ'' ဟု ပြည်ထောင်စုဝန်ကြီးက အောက်တိုဘာလ ၂၈ရက်နေ့ က ပြောကြားခဲ့ သည်။လမ်းတံတားများတိုးတက်လာခြင်းနှင့်ကားလမ်းများ ကောင်းမွန်လာခြင်း ကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ပိတ်သိမ်းခဲ့ရသည့် ကူးတို့လမ်းများမှာ မြစ်ဝကျွန်းပေါ်ဌာနခွဲတွင် ၆ခု၊ ဧရာဝတီဌာနခွဲတွင် ၇ခု၊ သံလွင်ဌာနခွဲတွင် ၆ခု၊ ရခိုင်ဌာနခွဲတွင် ၂ခုနှင့် ချင်းတွင်းဌာနခွဲတွင် ၁ခု စုစုပေါင်း ၂၂ခု အထိရှိကြောင်း သိရသည်။
၁၈၅၂ခုနှစ်အင်္ဂလိပ်ခေတ်မှစတင်ပြေးဆွဲခဲ့သည့်ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏သယ်ဆောင် ခနှုန်းထား များသည် ပုဂ္ဂလိကထက်များစွာလျော့နည်းခြင်း၊ အင်ဂျင်များစွမ်းဆောင်ရည်ကျဆင်းခြင်း၊ စက်သုံးဆီသုံးစွဲမှုပိုမိုလာခြင်း ၊ပြည်နယ်နှင့်တိုင်းများတွင် ခရိုင်ချင်းဆက်မော်တော် ကားလမ်းများ၊ တံတားများဖောက်လုပ် ပြီးစီးခြင်း ၊ရေယာဉ်ထက် ပိုမိုလျင်မြန် သည့်မော်တော်ကားများဖြင့် စီးနင်းလိုက်ပါမှုများပြားလာခြင်း စသည့် အချက်များကြောင့် အရှုံးနှင့်ရင်ဆိုင်လာရကြောင်း သိရသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ယခုကဲ့သို့ ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရာတွင် အငှားကန်ထရိုက်စနစ် (Management Contract)၊ ပြင်ပအဖွဲ့အစည်းအား ငှားရမ်းလုပ်ကိုင်ခြင်း စနစ် (Outsourcing Contract) များဖြင့် အပိုင်းလိုက်ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းပြင် ဌာနပိုင်မြေကို အသုံးချ၍ ၀င်ငွေရရှိနိုင်မည့် လုပ်ငန်းများအား ဌာန၏ရင်းနှီးမြုပ်နှံမှု(သို့)ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများသာမက ဌာနပိုင်သင်္ဘော ကျင်းလုပ်ငန်း များတွင်ပါ အကျိုးတူပူးပေါင်းဆောင်ရွက်များကိုလည်း ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနအပါအ၀င် ပို့ဆောင်ရေး ၀န်ကြီး ဌာနလက်အောက်ရှိ မြန်မာ့လေကြောင်း၊ မြန်မာ့သင်္ဘောကျင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စသည့် စီးပွားရေးအဖွဲ့အစည်း ၄ခု သည် ၂၀၁၂ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ စတင်ကာဌာန၏ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်ရမည်ဖြစ် သည့်အတွက် ယခုကဲ့သို့ အရှုံးနှင့် ရင်ဆိုင်နေရသည့် ဌာနအချို့အား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း သတင်းရရှိပါသည်။

eleven media group

No comments: