Friday, December 07, 2012
ဆွစ်ဇာလန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ဦးဆောင် ၍ မြန်မာနိုင်ငံတွင်းရှိ ခရီးသွားဒေသ များတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ဇန်န၀ါရီလ ၈ ရက်နေ့အ ထိ မီးပုံးပျံခရီးစဉ် လာရောက်ပျံသန်းမည်ဖြစ်သည်။

မီးပုံးပျံခရီးစဉ်မှာ ၁၅ ကြိမ်မြောက်ပျံသန်းခြင်းဖြစ်ပြီး ယခုအကြိမ်တွင်
မီးပုံးပျံခုနစ်လုံးဖြင့်အင်းလေး၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဟဲဟိုး၊ မန္တလေးသို့
သွားရောက် ပျံသန်းမည်ဖြစ်သည်ဟုအဆိုပါခရီးစဉ်ကို တာဝန်ယူ
ဆောင်ရွက်ပေးသောGolden Express ခရီးသွား လုပ်ငန်းမှမန်နေဂျင်း ဒါရိုက်တာ ဦးတင့်နောင် က မြန်မာတိုင်း (မ်)ကို ပြောကြားသည်။အဖွဲ့တွင် ဆွစ်ဇာလန်မှ ၂၅ ဦး၊ ယူကေမှ တစ်ဦး၊ ဩစတြေးလျမှ တစ်ဦး နှင့် ဂျာမနီမှ နှစ်ဦးစုစုပေါင်း ၂၉ ဦး လိုက်ပါစီးနင်းသွားမည် ဖြစ်သည်။
"စတင်ပျံသန်းတာက ၁၉၉၉ ခုနှစ်မှာပါ။ အဲဒီနှစ်ကနေစပြီး နှစ်စဉ်နှစ်တိုင်း တစ်ကြိမ်စီ ပျံသန်းခဲ့တယ်။ အဓိကက မီးပုံးပျံပေါ်ကနေ မြန်မာနိုင်ငံရဲ့ ရှုခင်းတွေ ကို Sight Seeing လိုက်ကြည့်ကြတာ ပါ" ဟု ဦးတင့်နောင်က ပြောသည်။
ပျံသန်းမည့် မီးပုံးပျံများမှာ ဒီဇင်ဘာ လ ၂၀ ရက်မတိုင်ခင် ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်အစအဆုံး ၀န်ဆောင်မှုကိုGolden Express ခရီးသွားလုပ်ငန်းက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
"ဒီမီးပုံးပျံခရီးစဉ်က တာဝန်အရမ်း ကြီးတယ်။ လူအင်အားတွေ အများကြီး သုံးရတယ်။ မီးပုံးပျံသွားတဲ့ လမ်းတစ်လျောက်ကို အောက်ကနေ ကားတွေနဲ့လိုက်ပြီး ပြန်ကျမယ့်နေရာ မှာစောင့်နေရ ပါတယ်။ လေကြောင်း အခြေအနေအရ ဘယ်နေရာမှာ မီးပုံးပျံပြန်ဆင်းနိုင်မယ်ဆိုတာကို အတိအကျ မပြောနိုင်ဘူး" ဟု ဦးတင့်နောင်က ပြောသည်။
အဆိုပါ မီးပုံးပျံပထမခရီးစဉ်ကို ၁၉၉၉ ခုနှစ်တွင် ၎င်းခရီးသွားလုပ်ငန်းနှင့် ဆွစ်ဇာလန်နိုင်ငံစီးပွားရေး လုပ်ငန်းရှင် Peter Blaser က ရန်ကုန်မြို့ လှိုင်သာယာ ဘောလုံးကွင်းမှ စတင်ပျံသန်းခဲ့သည်။
"သုံးကြိမ်လောက် ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ်ပါ ပျံဖူးတယ်။ ပျံသန်း လေ့ရှိတဲ့ခရီးစဉ်တွေက ပုဂံ၊ မန္တလေး၊ အင်းလေးကတော့ ပါတယ်။ တစ်ကြိမ် ပျံသန်းရင် ၂၅ ယောက်နဲ့ အယောက် ၃၀ ကြား ပါတယ်" ဟု ဦးတင့်နောင်က ပြော ကြားသည်။
မီးပုံးပျံများ အပျော်တမ်းပျံသန်း စီးနင်းခြင်းများကို လေကြောင်းအခြေအနေ အရ နှစ်တစ်နှစ်၏ ဒီဇင်ဘာလမှ ဇန်န၀ါရီလအတွင်းသာ ပျံသန်းလေ့ ရှိသည်။
ယုယုမော်
Myanmar Times

No comments:
Post a Comment