ယခုနောက်ပိုင်း
ဝင်ရောက်လာသည့် မော်ဒယ်မြင့်ကားများတွင် ပျက်စီးနသော အပိုင်းများ
ပါဝင်လာ သည်ကို တွေ့မြင်ရ တတ်ကြောင်း ကားရောင်းဝယ်ရေးလုပ်ငန်းများက ပြောသည်။
ကမ်းပေါ်ရောက် မော်ဒယ်မြင့်ကားများတွင် စပီကာမကောင်းခြင်း၊
နောက်ကြည့်ကင်မရာများ Lens မငြိမ်ခြင်း စသည်တို့အပြင် တစ်ခါတစ်ရံ
အင်ဂျင်များ လဲလှယ်ထားခြင်း၊ အိတ်ဇောပိုက် မလုံခြင်း နှင့် Air Con များ
သုံးမရခြင်း၊ တာယာများ တစ်ပတ်ရစ်များ ပြောင်းလဲထားခြင်းစသည်တို့ပါ တွေ့ရှိရခြင်းဖြစ်သည်ဟု သိရသည်။
“ဒီလို အပျက်အစီးများ တွေ့တဲ့ အခါကျရင် ကားတစ်စီးလုံး ပြန်ပို့ရန် အတွက်လည်း ဆင်ဖိုးထက် ချွန်းဖိုးကြီး ဖြစ်နေတယ်လေ။ ဒီတော့ ဒီမှာပဲ ပြင်ရတာပဲ။ ဒါပေမဲ့ ပြည်တွင်းမှာ ရှိနေကြ Nissans တို့၊ Toyota၊ Suzuki တို့ဆိုရင်တော့ သိပ်အခက်အခဲ မရှိပါဘူး။ ဒါပေမဲ့ တခြား အမျိုးအစားတွေ ဥပမာ Land Rover တို့ ဆိုရင် အခက်အခဲရှိတယ်။ အထဲမှာ သုံးထားတာတွေက သူ့ဟာနဲ့သူဆိုတော့ အခက်အခဲ ရှိတယ်လေ”ဟု ကားတင်သွင်းလုပ်ကိုင်သူ ကိုအောင်ထွန်းက ပြောသည်။
အဆိုပါ ပျက်စီးမှုများသည် ယခင်က 1300 စီစီ အောက်ကားများတွင်သာ တွေ့ရှိရသော်လည်း ယခုနောက်ပိုင်း 1300 စီစီအထက် မော်ဒယ်မြင့်ကားများ တွင်ပါ တွေ့ရှိလာရခြင်းဖြစ်သည်။ ပျက်ဆီးမှု အများစုမှာ ဂျပန်နှင့် တရုတ်မှ တင်သွင်းသော ကားများတွင် အများဆုံး တွေ့ရှိရသည်ဟု သိရှိရသည်။
“ဒီလိုကိစ္စတွေက အနည်းနဲ့ အများတော့ ရှိပါတယ်။ ဟိုတစ်ခေါက်က Honda Civic ကား လေးစီးလောက် ရှိမယ်။ ကားတာယာတွေက ပေါက်နေတယ်။ အဲကားတာယာတွေက တစ်လုံးကို ခုနှစ်သိန်းလောက်ရှိမယ်။ ဒါပေမဲ့ ဒီကားတွေက ပြန်ပို့လည်း ဘီးတော့ အကောင်းရနိုင်ပေမဲ့ သွင်းခနဲ့တင် ရှုံးနေပြီလေ။” ဟု သင်္ကန်းကျွန်းမြို့နယ် Car Show Room တစ်ခုမှ မန်နေဂျာဖြစ်သူ ကိုမင်းထက်ကိုက ပြောသည်။
ထို့အပြင် အဆိုပါ ပျက်စီးမှုများနှင့် ပတ်သက်၍ Car Show Room မှ အာမခံချက်များ ထုတ်ပေးသော်လည်း ကားမော်ဒယ်နှင့် အမျိုးအစားပေါ် မူတည်၍လည်းကောင်း၊ ပျက်စီးသည့်အပိုင်းပေါ် မူတည်၍လည်းကောင်း အချိန် (၁) လမှ (၅) လခန့်အထိ အာမခံချက် ပေးကြောင်း သိရသည်။
ကားတစ်စီးဝယ်လျှင် ကားအများစုသည် အဓိကအားဖြင့် အင်ဂျင်နှင့် သက်ဆိုင်သော အပိုပစ္စည်းများသာ ပါလေ့ရှိသည်ဟု သိရသည်။ ပြည်ပနိုင်ငံများတွင် ၀ယ်ယူသည့် ကားများနှင့် သက်ဆိုင်သော Service Centre များ ရှိသော်လည်း မြန်မာနိုင်ငံတွင် Suzuki နှင့် Toyota တို့တွင်သာ Service Centre များရှိသည်။
“ကျနော်တို့ဆီမှာ အခုနောက်ပိုင်း ကားသစ်တွေ လာ အပြင်များတာက Air con တို့၊ Back Camera တို့ ပါတယ်။ အကြီးပိုင်း ပြင်ဆင်မှုနဲ့ ပတ်သက်လို့ကတော့ ဂီယာပေါက်ချော်နေတာ ပြန်ချိန်တာ၊ ပြီးတော့ အင်ဂျင်ဆီပိတ်တာတို့ပါ။ ဒီတော့ ကားသွင်းတဲ့အပိုင်းကို မသင်္ကာဖြစ်မိတယ်။ ပြီးတော့ ကားတွင်း ရေခဲသေတ္တာဆိုရင်လည်း သူ့ Original မဟုတ်ဘဲ တခြား မော်ဒယ်ကဟာတွေ တွေ့ရတယ်” ဟု
Light Speed Car Work Shop မှ ကျော်ကြီးက ပြောသည်။
အဆိုပါ ဆိုင်တွင် လာရောက်ပြုပြင်နေသူ ကိုမင်းထွန်းက “ကျနော့်ကားမှာက အင်ဂျင် မငြိမ်တာတဲ့၊ ဘရိတ်ပိုင်းကလည်း အစားသွင်းပြင်ဖို့ အပိုပစ္စည်း ပါမလာတော့ ၀ယ်တဲ့ဆိုင် သွားပြောတော့လည်း သူတို့လည်း မသိဘူးတဲ့။ သူတို့ ကားနဲ့ဆိုင်တာ အကုန်ပေးလိုက်တာပဲတဲ့။ ပြီးတော့ သူတို့ဆီမှာ လာပြလို့ရလားဆိုတော့လည်း အပြင်ဆိုင်မှာ အုံဖွင့်ပြီးသွားပြီဆိုရင် မရတော့ဘူးလို့ ပြောတယ်။ ဒီတော့ ဒီမှာပဲ ပြင်နေတာ။ လေးလ လောက်တော့ စောင့်ရမယ်လို့ပြောတယ်။ ပျမ်းမျှ ၉ သိန်းလောက်တော့ ကျမယ်လို့ပြောတယ်” ဟု ပြောသည်။
ပစ္စည်းအပိုများ မစုံလင်ခြင်းသည် ကားဝယ်ယူသူများနားမလည်မှုနှင့် တစ်ဖက်နိုင်ငံမှ ကားရောင်းသည့် ကုမ္ပဏီများနှင့် သေချာစွာညှိနှိုင်းမှုများ မရှိကြောင့် ဖြစ်သည်ဟု သိရသည်။
ထို့ကြောင့် ယခုနောက်ပိုင်း ကားဝယ်ယူမှုများတွင် ကားရောင်းသူများ သာမက ကားတင်သွင်းသူများနှင့် ကားဝယ်သူများပါ မိမိ ၀ယ်ယူမည့် ကားအကြောင်းကို အသေးစိတ်သိရှိရန် လိုအပ်ကြောင်း သိရှိရသည်။

No comments:
Post a Comment