ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ကစ္ဆပနဒီ စပါးစိုက်ပျိုးရေးဇုန်သည် ဇွန်လပိုင်းထက် စပါးအထွက်နှုန်း များပြားစွာ ဖြန့်ဝေနိုင်ခြင်းကြောင့် ဒီဇင်ဘာလတွင် စပါးဈေးနှုန်းတစ်ဆခန့် ကျဆင်းလျှက်ရှိ သည်ဟု စစ်တွေမြို့ ဆန်ဈေးကွက်မှ သိရှိရသည်။
၂၀၁၂ခုနှစ် ဇွန်လပိုင်းတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီလူမျိုးများအကြား ပဋိပက္ခများ ဖြစ်ပေါ်ပြီး ဆန်ဈေးနှုန်း တစ်ဆမြင့်တက်ခဲ့ကာ နိုဝင်ဘာလနောက်ပိုင်းတွင် နယ်မြေအေးချမ်းလျှက်ရှိလာသောကြောင့် ဆန်ဈေးနှုန်း ပြန်လည် ကျဆင်းခြင်းဖြစ်သည်ဟု ဆန်ရောင်းချနေသူများထံက သိရှိရသည်။
“ဇွန်လတုန်းက နှစ်ဖက် တိုက်ပွဲတွေဖြစ်တော့ ဘင်္ဂလီဘက်ကို ရခိုင်တိုင်းရင်းသားတွေက ဆန်မရောင်းတော့ ဘူး ဒါပေမဲ့ ဒုက္ခသည်တွေ အတွက် ရိက္ခာကို စစ်တွေကနေ အဆက်မပြတ်ဝယ်ယူတာတွေ ၊ ဘင်္ဂလားဒေ့ရှ် ဘက်ကို ကူးသန်းပြီး တင်ပို့ရောင်းချနေတာတွေကို မတားဆီးနိုင်ခဲ့တော့ ဆန်ဈေးက မြင့်တက်လာတာပေါ့ အခုတော့ နယ်စပ်ဘက်ကို ရောင်းတာတွေကို တားဆီးနိုင်လာတယ် အဲ့တော့ ဆန်ဈေးလဲ ကျလာပါပြီ” ဟု ဆန်ကုန်သည် ဦးထွန်းနိုင်ကြီးက ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ဒေသအတွင်းမှ ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘက်သို့ တရားမ၀င် ပစ္စည်းများ သယ်ယူရောင်းချခြင်းကို တင်းကြပ်စွာ လုံခြုံရေးယူစောင့်ကြည့်မှုများရှိလာပြီး ၊ လေးမြို့ ကစ္ဆပနဒီ မိုးစပါး စိုက်ပျိုးရေးဇုန်မှ စပါးများကိုလည်း များပြားစွာ ထုတ်လုပ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့များ သို့ ဖြန့်ဖြူးရောင်းချနိုင်သောကြောင့် ဆန်ဈေးနှုန်းကျဆင်းလာခြင်းဖြစ်သည်ဟု ၄င်းက ဆက်လက်ပြော သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဒေသခံများမှလည်း ယခုကဲ့သို့ ဆန်ဈေးနှုန်း ကျဆင်းလာခြင်းကြောင့် စားဝတ်နေရေး အဆင်ပြေလာသည်ဟု ဆိုသည်။
“ဇွန်လပိုင်းက မိုးတွင်းတစ်လျှောက်လုံး စားဖို့ချည်းပဲ နပန်းလုံးနေရတာ ရိုးရိုးဆန်တစ်ပြည်ကို အရင်က (၄၀၀) ကနေ (၆၀၀)ကျပ်လောက်အထိ ဖြစ်သွားတာ အခုတော့ ဈေးကျသွားတော့ အသက်ရှူချောင် သွားတယ်” ဟု စစ်တွေမြို့တွင် ဆိုက်ကားနင်းသူတစ်ဦးက ပြောသည်။
ဇွန်လဆန်းပိုင်းတွင် ပေါ်ဆန်းမွှေးရှယ် (၁၆)ပြည်ဝင်တစ်အိတ်လျှင် ၃၀၀၀၀ (သုံးသောင်း)ကျပ် ၊ ပေါ်ဆန်းမွှေး ရိုးရိုး တစ်အိတ်လျှင် ၂၇၀၀၀ (နှစ်သောင်းခုနှစ်ထောင်)ကျပ်မှ ၁၈၀၀၀ (တစ်သောင်း ရှစ်ထောင်)ကျပ် ၊ ငစိန်ဆန် (၁၆)ပြည်ဝင် တစ်အိတ်လျှင် ၁၈၀၀၀ (တစ်သောင်း ရှစ်ထောင်) ကျပ် ရှိခဲ့ပြီး နိုဝင်ဘာလလယ်မှ ဒီဇင်ဘာလအတွင်းတွင် ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၁၇၀၀၀ (တစ်သောင်းခုနှစ်ထောင်) ကျပ် ၊ ငစိန်ဆန်တစ်အိတ်လျှင် ၁၁၀၀၀ (တစ်သောင်းတစ်ထောင်)ကျပ်သို့ ကျဆင်း လျက်ရှိသည်ဟု စစ်တွေ ဆန်ဈေးကွက်မှ သိရှိရသည်။

No comments:
Post a Comment