ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိသော ပုဂံညောင်ဦးဒေသသို့ ကမ္ဘာလှည့်နိုင်ငံခြားခရီးသွား ဧည့်သည် ၀င်ရောက်မှုနှင့် ဇုန်ဝင်ကြေး ကောက်ခံရရှိမှုမှာ နှစ်ပေါင်း (၂၀)အတွင်း စံချိန်တင်မြင့်တက် ခဲ့ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် ပုဂံဒေသသို့ နေ့စဉ် ကမ္ဘာလှည့်ခရီးသွားဧည့်သည် (၁၀၀၀)ကျော်ဝင်ရောက်လျှက်ရှိ ပြီး ဇုန်ဝင်ကြေး (Zone Fees) ဒေါ်လာ(၁)သောင်း ၀န်းကျင်ကောက်ခံရရှိနေကြောင်း သိရှိရသည်။
"ဧည့်သည်ဝင်ရောက်မှုက မယုံနိုင်လောက်အောင်ကို များပြားလာတယ်။ နှစ်ပေါင်း (၂၀)ကျော် လောက် မှာကို ဒီနှစ်က စံချိန်တင်နှစ်ပဲ။ ဇုန်ဝင်ကြေးကလည်း တစ်နှစ်ထက်တစ်နှစ်များလာတယ်။" ဟု ပုဂံရှေးဟောင်းယဉ်ကျေးမူဦးစီးဌာနညွှန်ကြားရေးမှုး ဦးနိုင်ဝင်းက ပြောသည်။
ဇုန်ဝင်ကြေးများကို ဂိတ်( ၆) ဂိတ်ဖွင့်လှစ်ကာ ကောက်ခံနေပြီး ခရီးသွား ဧည့်သည်များမှာ ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်းလိုင်း များကို အသုံးပြု၍ ၀င်ရောက် လျှက်ရှိပြီး လေကြောင်း လမ်းဖြင့် ခရီးသည် ၀င်ရောက်မှုသည် အများဆုံးဖြစ်ကာ နေ့စဉ် ပုဂံ ညောင်ဦးလေဆိပ်သို့ လေယာဉ်(၁၅)စီး ၀န်းကျင် ၀င်ရောက်လျှက်ရှိသည်။
ပုဂံရှေးဟောင်းနယ်မြေတွင်းသို့ ၀င်ရောက်ကြည့်ရှုခအနေဖြင့် နိုင်ငံခြားသားခရီးသွား တစ်ဦးလျှင် (၁၀)ဒေါ်လာ ကောက်ခံလျှက်ရှိပြီး အာရှနိုင်ငံများမှ ကောက်ခံနေသော ဇုန်ဝင်ကြေးနှင့် နိုင်းယှဉ်ပါက အနိမ့်ဆုံးဈေး ဖြစ်ကြောင်းကိုလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှု ဦးစီးဌာနမှ သိရသည်။
“နှစ်ပေါင်းများစွာပိတ်ပင်ထားတဲ့မြန်မာနိုင်ငံကိုပြန်ဖွင့်ပေးလိုက်တော့ မြန်မာနိုင်ငံကအထူးအဆန်းဖြစ်နေတာပေါ့၊ ကမ္ဘာမှာမြန်မာနိုင်ငံတကာ အလှဆုံးနေရာတွေထဲမှာလည်း ပါတယ်လေ၊ အဲဒါကြောင့် သူတို့ကခုမှ တအားလာနေကြတာ၊ အဲဒါကိုမြန်မာနိုင်ငံရဲ့ ၀င်ငွေပိုရအောင် တင်းတင်း ကြပ်ကြပ် ကောက်ခံသင့် ပါတယ်”ဟု သြစတြေးလျဧည့်လမ်းညွှန် ကိုရန်မျိုးအောင်က ပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ဝင်ကြေးကို မြန်မာ့ခရီးသွားနှစ်(၁၉၉၆-၁၉၉၇) ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ (၄၆၄၉၁၇)၊ (၁၉၉၇-၁၉၉၈) ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ(၅၇၃၂၀၀)၊ (၂၀၁၀-၂၀၁၁) ဘဏ္ဍာရေးနှစ် တွင် ဒေါ်လာ(၈၅၂၈၈၀)၊ (၂၀၁၁-၂၀၁၂) ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ(၁၂၀၁၉၄၀) နှင့် ၂၀၁၂နှစ်ခု ဧပြီလမှ ဒီဇင်ဘာ(၁၀) ရက်နေ့ အထိ ကောက်ခံရငွေ ဒေါ်လာ (၉၀၉၀၉၀) ကောက်ခံရရှိ ထားကြောင်း သိရသည်။

No comments:
Post a Comment