Monday, 14 January 2013
အာဖရိကနှင့် အရှေ့အလယ် ပိုင်းနိုင်ငံများမှ တင်ဆောင်လာမည့်ရေနံများအား မြန်မာနိုင်ငံမှ ထုတ်ယူရရှိမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် အပြိုင် တရုတ်နိုင်ငံသို့ တင်ပို့မည့် စီမံကိန်းတွင် ပိုက်လိုင်းဖြတ် သန်းခနှင့် ပိုက်လိုင်းဖြတ် သန်း ရာ ဒေသများမှ ဒေသခံများ၏ ရေနံပိုက်လိုင်း ယိုစိမ့်မှု၊ ရေနံပိုက်လိုင်း ပေါက်ကွဲနိုင်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအတွက် ကြိုတင်ကာကွယ်မှုများ လိုအပ်နေကြောင်း၊ စီမံကိန်းတည်ရှိရာဒေသများမှ အဖွဲ့အစည်းများနှင့် ပညာရှင်များက တစ်ညီတစ်ညွတ်တည်း ဆိုကြသည်။ ထို့အပြင် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကြိုးများအတွက် ကြိုတင်တွက်ဆထားခြင်း ရှိမရှိကို တရားဝင်ထုတ်ပြန်ခြင်း မရှိသည့်အတွက် မသိရှိရကြောင်း သုံးသပ်ကြပါသည်။
အဆိုပါ ရေနံပိုက်လိုင်းစီမံကိန်းတွင် တရုတ်နိုင်ငံ CNPC-SEAP မှ ၅၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာနမှ ၄၉ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ရေနံပိုက်လိုင်း ဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၉၅ သန်းနှင့် ရေနံတစ်စည် ဖြတ်သန်းခလျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာသာ ရရှိမည်ဖြစ်ကာ တစ်နှစ်ရေနံစည် ၂၂ သန်း တင်ပို့မည်ဖြစ်သည့် အတွက် နှစ်စဉ်ရေနံတင်ပို့ခ ၂၂ သန်း ရရှိမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဋ္ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားခဲ့သည်။
သို့သော် အဆိုပါပမာဏမှာ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တရုတ်နိုင်ငံသို့ ယခင်ရေနံတင် ကုန်ကျစရိတ်၏ ၂၁ ဆခန့်အထိပင် နည်းပါးနေသည့်အပြင် မြန်မာနိုင်ငံအတွင်း ပိုက်လိုင်းဖြတ်သန်း စဉ် ရေနံယိုဖိတ်မှု၊ရေနံပိုက်လိုင်းပေါက်ကွဲမှု စသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအတွက် စိုးရိမ်ပူပန်နေမှုများ ဖြစ်ပေါ်နေရကြောင်းလည်း ကျောက်ဖြူ ဆိုရှယ်နက်ခ်ဝါ့ခ်မှ ကိုထွန်းလွင်က ပြောသည်။
အဆိုပါ စီမံကိန်းလုပ်ဆောင်ရာတွင် ဒေသခံများ၏ မြေယာသိမ်းဆည်းမှုများအပေါ် လျော်ကြေးပေးရန် ပျက်ကွက်ခဲ့ခြင်း၊ စီမံကိန်းလာရောက်လုပ်ဆောင်သည့်အတွက် ဒေသခံများ၏ လူနေမှုဘ၀၊ နေထိုင်ရှာဖွေ
စားသောက်မှုများ ပျက်ယွင်းခဲ့ရသည့်အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနှင့် လာရောက် လုပ်ကိုင်သည့် ကုမ္ပဏီများ၏ နိုင်ငံတကာ လိုက်နာရမည့် EIA,SIA စစ်တမ်းများအား လိုက်နာမှု မရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် နစ်နာမှုများစွာ ကြုံတွေ့ခဲ့ရကြောင်း ပြည်ပအခြေစိုက် Shwe Gas Movement မှ ကိုဝင်းအောင်က သုံးသပ်သည်။
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအား ယာယီရပ်ဆိုင်းရန် ဒေသခံများ၏တောင်းဆိုချက်တွင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာငွေ စီမံခန့်ခွဲမှုအား ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူလူထုအား အသိပေးရန်၊ စီမံကိန်းလုပ်ဆောင်နေသည့် ကုမ္ပဏီများမှ စီမံကိန်းနှင့် ပတ်သက်၍ ထိုင်းကုမ္ပဏီတစ်ခုမှ EIA စစ်တမ်း ပြုလုပ်ထားသည်ဟု ပြောကြားထားသဖြင့် စစ်တမ်းလုပ်ကိုင်နေသည့် ကုမ္ပဏီအမည်နှင့် EIA စစ်တမ်းအား ပြည်သူလူထုသို့ ရှင်းလင်းပြောကြားရန်၊ သဘာဝဓာတ်ငွေ့ မပို့လွှတ်မီ ဓာတ်ငွေ့အန္တရာယ်များအား ပြည်သူလူထုသိရှိစေရေး ထုတ်ပြန်ရန်၊ ပိုက်လိုင်းစီမံကိန်းအတွက် မြို့နယ် ၂၁ မြို့နယ်မှ မြေအများအပြား သိမ်းယူခဲ့သော်လည်း အဆိုပါ လျော်ကြေးငွေမှာ စီမံကိန်းတစ်ခုလုံး၏ ၀ ဒသမ ၀၁၂၈ ရာခိုင်နှုန်းသာ ရှိနေသဖြင့် ပြန်လည်သုံးသပ်ရန်၊ ပိုက်လိုင်း၏ အရည်အသွေး၊ ဒေသခံများ၏ ပါဝင်ပူးပေါင်းခွင့် EIA,SIA စစ်တမ်းများအား အချိန်မီထုတ်ပြန်ပေးရန်နှင့် စီမံကိန်းတစ်လျှောက် နိုင်ငံတကာ အဆင့်မီလုပ်ကိုင်ထားခြင်း မရှိသဖြင့် လိုအပ်ချက်များစွာ ရှိနေပြီး အဆိုပါလိုအပ်ချက်များ မလုပ်ဆောင် နိုင်မီကာလအတွင်း စီမံကိန်းအား ယာယီရပ်ဆိုင်းရန် တောင်းဆိုထားကြောင်း မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီ၊ ကျောက်ဖြူလူမှုကွန်ရက်အဖွဲ့မှ ကိုထွန်းထွန်းနိုင်က ပြောသည်။
အထက်ပါ အချက်များအပြင် မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၂၁ မြို့နယ်အားဖြတ်သန်းသွားသည့် ပိုက်လိုင်းအား မြေအောက်မြှုပ်နှံရာတွင်နိုင်ငံ တကာစံနှုန်းဖြစ်သည့် ပိုက်လုံးအထက် ၅ မီတာရောက်အောင် မြေမြှုပ်ရန်မှာ ကုန်ကျစရိတ်များပြားသည့်အတွက် ပိုက်လိုင်းအထက် ၁ ဒသမ ၂ မီတာအထိသာ မြေမြှုပ်ခဲ့ပြီး အဆိုပါပမာဏမှာ လုံလောက်သည့်ပမာဏ ဖြစ် သည်ဟု လည်း မြန်မာနိုင်ငံအခြေစိုက် CNPC ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ Mr. Cheng Huan Lai က ပြောသည်။
အလားတူပင် မြန်မာနိုင်ငံအတွင်း ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက် ပိုက်လိုင်းများ မြေမြှုပ်ရာ၌ စွမ်းအင်ဝန်ကြီးဌာနနှင့် CNPC ၏ ညွှန်ကြားချက်အတိုင်းသာ လုပ်ကိုင်ခဲ့သည်ဟု Punj Lioyd ကုမ္ပဏီမှ ပိုက်လိုင်းမန်နေဂျာ Siddharth Vikram Singh က ပြောကြားခဲ့ပြီး အဆိုပါ ညွှန်ကြားချက်များမှာ နိုင်ငံတကာအဆင့်အတန်းနှင့် မကိုက်ညီကြောင်းပြည်ပအခြေစိုက် Shwe Gas Movement မှ ကိုဝင်းအောင်က ပြောသည်။
အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မကွေးတိုင်းအတွင်းရှိ မြို့နယ်ခုနှစ်မြို့နယ် အား ဖြတ်သန်းသွားပြီးဧရာဝတီမြစ်အောက် ဖြတ်သန်းဖောက်လုပ်ခဲ့ခြင်းဖြစ်ကာ မြစ်ကြောင်းတစ်လျှောက်တွင် ပိုက်လိုင်းမြှုပ်နှံရာ၌ ဒေသခံများ၏ လယ်မြေပျက်စီးမှုများ သီးနှံပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည့်အပြင် ထိုက်သင့်သည့် လျော်ကြေးများလည်း ရရှိခဲ့မှုမရှိကြောင်းဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။
မြန်မာနိုင်ငံအတွင်း ပိုက်လိုင်းများ မြှုပ်နှံကာ တရုတ်နိုင်ငံသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ တင်ပို့ရာတွင် ပင်လယ်ကျောက်ဆောင်များ၊ သန္တာကျောက်တန်းများအား မိုင်းခွဲခဲ့ရသော်လည်း ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး ဆောင်ရွက်ခဲ့သည်ဟု Mr. Cheng Huan Lai က ပြောသည်။
သို့သော် ဒေသခံများကမူ စီမံကိန်းကြောင့် ပင်လယ်သတ္တ၀ါများ သေကြေမှု သန္တာကျောက်တန်းများ ပျက်စီးမှု စသည့် ဖြစ်ရပ်များစွာနှင့် ကြုံ့တွေ့ခဲ့ရကြောင်း တစ်ညီတစ်ညွတ်တည်း ပြောကြားသည်။
"နိုင်ငံအတွင်းမှာ လက်ရှိလုပ်ကိုင်နေတဲ့ စီမံကိန်းတွေက ပွင့်လင်းမြင်သာမှု နည်းနေသလို ပြည်သူတွေက လည်း လက်မခံကြဘူး။ နိုင်ငံအခြေအနေ ကလည်း ပွင့်လင်းမြင်သာမှု အားနည်း တယ်လို့ ဝေဖန်နေ တဲ့အချိန်မှာ စီမံကိန်းတချို့ကို ရပ်ဆိုင်းထားသင့်ပြီးပွင့်လင်းမြင်သာမှုရှိမှ ပြန်လည်လုပ်ကိုင်သင့်ပါတယ်" ဟု အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီမှ အဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။
မြန်မာနိုင်ငံအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းနိုင်ရန်အတွက် လယ်ယာမြေ၊ အိုးအိမ်ဥယျာဉ်များကိုသာမက ကာကွယ်တောများ၊ ကြိုးဝိုင်းသစ်တောများကိုပါ ပယ်ဖျက်ပေးခဲ့ရပြီး ထိုသို့ပယ်ဖျက်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ရုံသာမက ထိုက်သင့်သည့် လျော်ကြေးငွေကိုပါ ရရှိခြင်း ရှိမရှိ မသိရှိရကြောင်း ဒေသခံများအတွက် ရေနံပိုက်လိုင်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မှ ဖြစ်ပွားနိုင်သည့် ပေါက်ကွဲမှုဆိုင်ရာ အန္တရာယ်များအား အသိပညာပေးရန်နှင့် ရေနံယို ဖိတ်မှုဆိုင်ရာ ပြဿနာများအားဖြေရှင်းနိုင်ရေး ဆောင်ရွက်ထားမှု ရှိမရှိ သိရှိရန် လိုအပ်ကြောင်း မြန်မာ-
တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီမှ ပညာရှင်တစ်ဦးကပြောသည်။
"ရေနံပိုက်လိုင်းစီမံကိန်းနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း နှစ်ခုအတွက် ပိုက်လိုင်းဖြတ်သန်းခ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈ သန်းကျော် ရမှာဖြစ်သလို မြန်မာနိုင်ငံ အလယ်ပိုင်းအတွက် သဘာဝဓာတ်ငွေ့ ရရှိနိုင်မှာဖြစ်ပြီး လောင်စာအတွက်လည်း တစ်ရက်ကို ရေနံဂါလန် နှစ်သန်းရောင်း ချပေးမှာပါ။ ကျွန်တော်တို့အနေနဲ့ မြစ်ဆုံလိုမျိုး မရပ်ရအောင်၊ လက်ပံတောင်းလိုမျိုး ပြည်သူမ ကန့်ကွက်အောင်နိုင်ငံတကာစံနှုန်းတွေနဲ့အညီ လာရောက်မြှုပ်နှံပါတယ်" ဟု မြန်မာနိုင်ငံအခြေစိုက် CNPC ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ Mr. Cheng Huan Lai က ဆက်လက်ပြောကြားသည်။
၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်း မကွေးတိုင်း၊ မြစ်ခြေတိုက်နယ်ပိုင်၊ ညောင်လှရွာအနီး သက်တမ်း ၁၀ နှစ်ကျော်ရှိ ကျောက်ခွက်-အရာတော် ၁၀ လက်မ ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားရာ ရေနံ လာခပ်ယူသူ ဒေသခံအများစု မီးလောင်သေဆုံးခဲ့ရ . . .
သဘာဝသယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲနေသော်လည်း သဘာဝဓာတ်ငွေ့အပါအ၀င် သယံဇာတများမှ ရရှိငွေများအား နိုင်ငံတော်မှ မှန်မှန်ကန်ကန် သုံးစွဲမှု ရှိမရှိနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံအဆောက်အအုံများတွင် သုံးစွဲမှု ရှိမရှိ သိရှိနိုင်ရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှု စံနှုန်း (EITI) နှင့် မြန်မာနိုင်ငံရှိ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာတို့ ပူးပေါင်းစစ်ဆေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပြောကြားခဲ့သည်။
နိုင်ငံတကာ သတင်းဖြစ်စဉ်များတွင် ဖော်ပြခဲ့သည့် အဆိုးရွားဆုံးရေနံယိုဖိတ်မှုများအနက် ၂၀၁၀ ပြည့်နှစ် အတွင်း ဘီပီကုမ္ပဏီမှ လုပ်ကိုင်နေသည့် ကမ်းလွန်ရေနံတူးစင် မီးလောက်ပေါက် ကွဲပြီးနောက် မက္ကဆီကိုပင်လယ်ကွေ့အတွင်း ရေနံလီတာ ၇၆ သန်း ယိုဖိတ်ကာ အမေရိကန်ပြည်ထောင်စု သမိုင်းတွင် အဆိုးရွားဆုံး ရေနံယိုဖိတ်မှုဖြစ်ပွားခဲ့သည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုအတွင်း လူဝီစီယားနားပြည်နယ်မှ ဖလော်ရီဒါပြည်နယ်အထိ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိခဲ့ပြီး ပင်လယ်တွင်း ငါး၊ ပုစွန်၊ ကဏန်းဖမ်း လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ ပင်လယ်ကမ်းခြေများ၊ ပင်လယ်နေသတ္တ၀ါများ ပျက်စီးခဲ့ရပြီး ဘီပီအနေဖြင့် သေဆုံးခဲ့ သည့် လုပ်သားများနှင့် ဒေသခံများ၏ တရားစွဲဆိုမှုအတွက် လျော်ကြေးငွေ ကန်ဒေါ်လာ သန်း ၄၅၀၀ နှင့် ရေနံယိုဖိတ်မှု ရပ်တန့်နိုင်ရေး ကန်ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံခဲ့ရသည်။
မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်း မကွေးတိုင်း၊ မြစ်ခြေတိုက် နယ်ပိုင်၊ ညောင်လှရွာအနီး သက်တမ်း ၁၀ နှစ်ကျော်ရှိ ကျောက်ခွက်-အရာတော် ၁၀ လက်မ ရေနံပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ပွားရာ ရေနံလာခပ်ယူသူ ဒေသခံအများစု မီးလောင်သေဆုံးခဲ့ ရကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြပါရှိသည်။
ထို့ပြင် နိုင်ငံတကာတွင် ရေနံတင်သင်္ဘောများ ၀င်ထွက်သွားလာရာမှ တိုက်မိနစ်မြုပ်မှု များကြောင့် ရေနံယိုဖိတ်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သဖြင့် ပင်လယ်တွင်း ကျရောက်သည့် ရေနံများကို ဓာတုဆေးဝါးများ သုံးစွဲ၍ ဖယ်ရှားရပြီး အဆိုပါဓာတုဆေးများမှာလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၏ ရေနံယိုဖိတ်မှုသမိုင်းတွင် အဆိုးဆုံး စာရင်းဝင်ခဲ့သည့် ရီနာကုန်တင်သင်္ဘော ကျောက်စွန်းနှင့်တိုက်မိ၍ ရေနံစိမ်းတန်ချိန် ၃၅၀ ခန့် ယိုဖိတ်မှုကို ရှင်းလင်းသည့်ဖြစ်စဉ်တွင် နယူးဇီလန် သုတေသီအဖွဲ့ခေါင်းဆောင် ဝေကာတို တက္ကသိုလ် ပါမောက္ခ ခရစ္စဘတ်တာရှီးက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
eleven media group

No comments:
Post a Comment