Monday, 14 January 2013
ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် တရားရေးဆိုင် ရာ အဆောက်အအုံများကို ပုဂ္ဂလိက လုပ်ငန်းရှင် များသို့ လွှဲပြောင်းပေးရန် စီစဉ်နေခြင်းအပေါ် လိုအပ်လာလျှင် ထပ်မံ၍ ဆန္ဒထုတ်ဖော်ခြင်းနှင့် ဥပဒေအရ အရေးယူဆောင် ရွက်ခြင်းများ လုပ်ဆောင် သွားမည်ဟု ရှေ့နေများ ကွန်ရက်မှ တာဝန်ရှိသူများက ဇန်န၀ါရီလ ၁၂ ရက် တွင် ပြောကြားခဲ့သည်။ နိုင်ငံတော် အစိုးရက ယခင် တရားရုံးချုပ် (ရန်ကုန်) ယခု ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အပေါ်ဆုံးထပ်အား ပြတိုက်အဖြစ် အငှားချထားရန် စီစဉ်ဆောင်ရွက်နေပြီး ရန်ကုန်မြို့၊ ကမ်းနားလမ်းနှင့် ဘဏ်လမ်းကြားရှိ ယခင် ရန်ကုန်တိုင်း တရားရုံး (သို့မဟုတ်) စုပေါင်း တရားရုံး အဆောက်အအုံကြီးအား ပုဂ္ဂလိက ဟိုတယ် လုပ်ငန်းရှင်များသို့ လွှဲပြောင်းခဲ့ပြီး ယင်းစုပေါင်းရုံးကြီးအား အပြင်မှကာရံပြီး အတွင်းပိုင်းပြင်ဆင် တည်ဆောက်မှု များ ပြုလုပ်နေသည်ဟု ရှေ့နေများ ကွန်ရက်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရှေ့နေများ ကွန်ရက်မှ တရားလွတ်တော် ရှေ့နေ ဦးကြီးမြင့်က “ကျွန်တော်တို့ရဲ့ ဂုတ်သိက္ခာရှိတဲ့ တရားရုံးကြီးတွေကို ဟိုတယ်တွေ လုပ်မဲ့ ကိစ္စဟာ အတော်ကို လက်မခံနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ ရှေ့နေတွေရဲ့ စွမ်းအားနဲ့ ကြိုးပမ်းလုပ်ဆောင်ခဲ့တာ တစ်ရုံးပဲ အောင်မြင်ပါသေးတယ်။ တစ်ရုံးတော့ ကျန်ပါသေးတယ်။ ကမ်းနားလမ်းမှာ ရှိတဲ့ရုံးကိုတော့ အတွင်းပိုင်း ပြင်နေတာ တွေ့ရတယ်။ ဒီကိစ္စက ကျွန်တော်တို့ ရှေ့နေတွေရဲ့ အားနဲ့တော့ မရတော့ဘူး။ လူကြီးမင်းတွေရဲ့ အားနဲ့ လုပ်ဆောင်မှ ဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ အားလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ရှေ့နေများ ကွန်ရက်မှ စုပေါင်း ရုံကြီးနှင့် စပ်လျဉ်း၍ ယင်းရုံကြီးသည်နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်ကျက်သရေကို ပြညွှန်သည့် ထည်ဝါခန့်ညားသော အဆောက်အအုံ တစ်ဖြစ်ခြင်း၊ ရန်ကုန်မြို့တော် အတွင်းရှိ အချုပ်သား တရားခံများ ရုံးထုတ်မှုကိစ္စ အဆင်ပြေခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေး လိုက်ခြင်းဖြင့် မူလတရားရေးဆိုင်ရာ အဆောက်အအုံ ပုံသဏ္ဌာန်နှင့် အတွင်း သရုပ်တို့ အားလုံး ပြောင်းလဲသွား မည်ဖြစ်ရာ သမိုင်း အမွေအနှစ်ကို ပျက်စီးစေခြင်း စသည့် အကြောင်းအရာ များကြောင့် အဆောက်အအုံကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပေးရန် မသင့်ဟု ရှေ့နေများ ကွန်ရက်မှ ပြောကြားခဲ့သည်။
“တရားရုံကြီး နှစ်ရုံးကိစ္စကို လိုအပ်လျှင် ဆန္ဒပြမယ်။ လိုအပ်လျှင် ဥပဒေအရ အရေးယူ ဆောင်ရွက်မယ်။ နောက် ရုံးခွန်၊ တံဆိပ်ခေါင်းခွန် တိုးမြင့်မှုဟာ ကျွန်တော်တို့ ပြည်သူတွေ အတွက် အများကြီး နစ်နာမှုတွေ ရှိပါတယ်။ လိုအပ်လာလျှင် ဆန္ဒထုတ်ဖော် ပြဖို့ အစီအစဉ် ရှိပါတယ်” ဟု ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောကြားခဲ့သည်။
ရှေ့နေများ ကွန်ရက်မှ နည်းလမ်းမျိုးစုံဖြင့် တရားရုံး အဆောက်အအုံများကို ကာကွယ်ထိန်းသိမ်း နိုင်ရန် ကြိုးပမ်းဆောင်ရွက် နေသော်လည်း နိုင်ငံတော် အစိုးရဘက်မှ ထူးခြားသည့် တုန့်ပြန်ချက် တစ်စုံတစ်ရာမျှ မရရှိကြောင်း သိရပြီး ယင်းကွန်ရက် အနေဖြင့် တရားရေးဆိုင်ရာ အဆောက်အအုံများကို ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများအား လွှဲပြောင်ပေးခြင်း မပြုနိုင်ရန် ဥပဒေဘောင် အတွင်းမှ တတ်စွမ်းသမျှ ဆောင်ရွက်သွားကြရန် ရည်ရွယ်ထားသည်ဟု ရှေ့နေများ ကွန်ရက်မှ တရား လွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားခဲ့သည်။
တရားရေးဆိုင်ရာ အဆောက်အအုံများနှင့် ပတ်သတ်၍ ရှေ့နေများ ကွန်ရက်မှ ၂၀၁၂ ခုနှစ် အောက်တို ဘာလ ၁၇ ရက်နေ့တွင် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
eleven media group

No comments:
Post a Comment