Monday, January 14, 2013

လူအများ စားသုံးနေသည့် ငါးခေါင်းအချို့၌ အစာအဆိပ်သင့် နိုင်သည့် (Histamine) ပါဝင်မှု ပမာဏသည် အမေရိကန် FDA ၏ သတ်မှတ် ပမာဏထက် ကျော်လွန်နေ

Monday, 14 January 2013
လူအများ စားသုံးနေသည့် ငါးခေါင်းများတွင် Histamine (ဟစ္စတာမင်း) ပါဝင်မှု ပမာဏ တိုင်းတာ စစ်ဆေးရာတွင် ငါးခေါင်းအချို့၌ အမေရိကန်နိုင်ငံ FDA ၏ သတ်မှတ် ပမာဏ ထက် ကျော် လွန်နေကြောင်း တွေ့ရှိရသည် ဟု သိရှိရသည်။ ယင်းတွေ့ ရှိချက်ကို ဇန်န၀ါရီလ ၇ ရက်မှ ၁၁ ရက်နေ့ အထိ ကျင်းပခဲ့သည့် (၄၁) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် တင်သွင်းခဲ့သည့် ပိုစတာ တစ်စောင်အရ သိရသည်။

ငါးရံ့၊ ငါးကြင်း၊ ငါးတန်၊ ငါးခူနှင့် ငါးမြင်း စသည့် ငါးများ၏ ခေါင်းများတွင် Histamine (ဟစ္စတာမင်း) ပါဝင်မှု သတ်မှတ် ပမာဏထက် ကျော်လွန်မှုရှိ၊ မရှိ နမူနာ ငါးခေါင်း ၇၅ ခုယူ၍ စစ်ဆေးခဲ့ကြောင်းနှင့် စစ်ဆေးရာတွင် မူလအခြေအနေ၊ ချက်ပြုတ်ရန် ပြင်ဆင်ပြီး အခြေအနေနှင့် ချက်ပြုတ်ပြီး အခြေအနေဟူ၍ အဆင့် သုံးမျိုး စမ်းသပ် စစ်ဆေးခဲ့ကြောင်း ပိုစတာတွင် ဖော်ပြပါရှိသည်။



ထိုသို့ နမူနာ ၇၅ ခုအား စစ်ဆေးရာတွင် မူလအခြေအနေ၌ ရှစ် ရာခိုင်နှုန်း၊ ချက်ပြုတ်ရန် ပြင်ဆင်ပြီး အခြေအနေတွင် ၅၂ ရာခိုင်နှုန်းနှင့် ချက်ပြုတ်ပြီး အခြေအနေတွင် ၃၂ ရာခိုင်နှုန်းတို့သည် Histamine (ဟစ္စတာမင်း) ပါဝင်နေကြောင်း တွေ့ရှိရသည်။

ထို့ပြင် ချက်ပြုတ်ရန် ပြင်ဆင်ပြီး ငါးရံ့ခေါင်းနှင့် ချက်ပြုတ်ပြီး ငါးတန်ခေါင်းတို့တွင် Histamine (ဟစ္စတာမင်း) ပါဝင်မှုပမာဏသည် ၁၀၀ စ စာထက် ကျော်လွန်နေကာ ချက်ပြုတ်ရန် ပြင်ဆင်ပြီး ငါးကြင်းခေါင်းနှင့် ချက်ပြုတ်ပြီး ငါးတန်၊ ငါးမြင်း၊ ငါးကြင်းခေါင်းတို့တွင် Histamine (ဟစ္စတာမင်း) ပါဝင်မှု ပမာဏသည် ၅၀-၁၀၀ စစာတွင် ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ယင်းပိုစတာတွင် ဖော်ပြချက်အရ သိရသည်။

လူတို့တွင် ဖြစ်တတ်သော အစာအဆိပ်သင့်မှု များတွင် Histamine (ဟစ္စတာမင်း) အစာအဆိပ်သင့် ခြင်းသည် တစ်ခုအပါအ၀င် ဖြစ်ကာ အချို့ငါးများတွင် ဘက်တီးရီးယား မြောက်မြားစွာ တွယ်ကပ် ပေါက်ဖွားပြီး ယင်းဘက်တီးရီးယား တို့မှ ထွက်ရှိသော Histidine decarboxylase enzyme နှင့် ငါးတွင်ရှိသော Free Histidine တို့ ဓာတ်ပြုပြီး Histamine (ဟစ္စတာမင်း) အဖြစ် ပြောင်းလဲသွားကာ အစာအဆိပ်သင့် ခြင်းကိုဖြစ်ပေါ်စေကြောင်း သိရှိရသည်။

လူအများ ငါးစားသုံးမှုကြောင့် ဖြစ်တတ်သော အစာအဆိပ်သင့်မှု များတွင် Histamine (ဟစ္စတာမင်း) ကြောင့် အစာအဆိပ်သင့်ခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ရည်ရွယ်၍ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) ဇီဝအဆိပ်ဗေဒ သုတေသန ဌာနခွဲမှ ကျန်းမာရေးဆိုင်ရာ ပိုစတာတစ်စောင်ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Histamine (ဟစ္စတာမင်း) ဆိုသည်မှာ မတည့်သည့် အရာနှင့် ထိတွေ့သည့်အခါ ဒုက္ခပေးတတ်သည့် ခန္ဓာကိုယ်အတွင်းရှိ ဒြပ်ပေါင်း တစ်မျိုးဖြစ်ပြီး အမေရိကန် FDA မှ Histamine (ဟစ္စတာမင်း) ပါဝင်မှု ပမာဏ ၅၀ စ စာထက် ကျော်လွန်သော အစားအသောက် များကို စားသုံးရန် မသင့်ဟု သတ်မှတ်ထားကြောင်း သိရှိရသည်။

eleven media group

No comments: