Monday, January 14, 2013

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံပိုင်လုပ်ငန်း စီမံကိန်းကြီးများအတွက် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း ၃၄ ခုမှ ကျပ်သန်းပေါင်း ၄၆၈၉၆၁၉ သုံးစွဲရန်လျာထားပြီး ကာကွယ်ရေးဝန်ကြီးဌာနက လျာထားချက် အများဆုံးဖြစ်

Monday, 14 January 2013

၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ ဆောင်ရွက်မည့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၀ ရက်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာကံဇော်က တင်သွင်းခဲ့ သည်။  ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က "ပြည်ထောင်စုအစိုးရအဖွဲ့ကပေးပို့တဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို တင်သွင်းသွားမှာဖြစ်ပါတယ်။ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ နောက်ဆက်တွဲ(၁)မှာ အမျိုးသားစီမံကိန်းရဲ့ ကဏ္ဍအလိုက်မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ ပါရှိပါမယ်။ နောက်ဆက်တွဲ (၂) (က) မှာ နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်ကို စုစုပေါင်း ၅၁၁၄ ဒသမ ၆ ဘီလျံ လျာထားပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကျပ် ၄၆၈၉ ဒသမ ၆ ဘီလျံ (ကျပ်သန်းပေါင်း ၄၆၈၉၆၁၉ ကျော်)ရာခိုင်နှုန်းအားဖြင့် ၉၁ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့  ပြည်နယ်များအတွက် ၄၂၅ ဘီလျံ (ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၃ရာခိုင်နှုန်း) ရင်းနှီးမြှုပ်နှံဖို့ လျာထားပါတယ်" ဟု ပြောကြားသည်။



၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်းကဏ္ဍ ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်မှာ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်း ၃၄ ခုအတွက် ကျပ်သန်းပေါင်း ၄၆၈၉၆၁၉ ဒသမ ၈၆၂ဖြစ်ကြောင်း အမျိုးသားစီမံကိန်း ဥပဒေကြမ်းအရ သိရှိရသည်။

နိုင်ငံပိုင်စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးဌာနများ၏ လျာထားချက်များအနက် ကာကွယ်ရေးဝန်ကြီးဌာန၏ လျာထားချက်မှာ ကျပ်သန်းပေါင်း ၁၀၆၇၃၆၅ သန်းရှိပြီး အများဆုံးဖြစ်ကြောင်း တွေ့ရသည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံပိုင်အခန်းမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို အခြားဝန်ကြီးဌာနများကဲ့သို့ အသေးစိတ်ဖော်ပြ ထားခြင်းမရှိဘဲ ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း ၄၉၂၉၇၆ ဒဿမ ၆၉၇ နှင့် ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများနှင့် ယာဉ်များအတွက် ငွေကျပ်သန်းပေါင်း ၅၇၄၃၈၈ ဒသမ ၉၀၆ အား လျာထားကြောင်း အမျိုးသား စီမံကိန်းဥပဒေကြမ်းတွင် ပါရှိသည်။

ဝန်ကြီးဌာနများအနက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်မှာ အနည်းဆုံးဖြစ်ပြီး ငွေကျပ်သန်းပေါင်း ၁၃၆ ဒသမ ၉၇၄ ကို လျာထားကြောင်း တွေ့ရသည်။

ထို့ပြင် ယခင်နှစ်က ဘတ်ဂျက်တိုးမြှင့် သုံးစွဲခွင့်ပြုခဲ့သည့် ပညာရေးကဏ္ဍအတွက် ယခုနှစ် တွင် နိုင်ငံပိုင်စီမံကိန်း လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း၂၂၂၅၃၃ ဒသမ ၉၉၁ လျာ ထားကြောင်း၊ ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း များတွင် သဘာဝဘေးဒဏ်ခံ ကျောင်း များ ပြန်လည်ဆောက်လုပ်ခြင်း၊ အန္တရာယ်ရှိကျောင်းဆောင်များ ဖျက်သိမ်း၍ ဆောက်လုပ်ခြင်း၊ ဥပဓိရုပ်
မကောင်းသည့် ကျောင်းဆောင်များဖျက်သိမ်း၍ ဆောက်လုပ်ခြင်း၊ ရန်ကုန် တက္ကသိုလ်ရှိ ဆောက်လုပ်ရေး လုပ်ရေးများနှင့် e-Government အတွက် website ရေးဆွဲခြင်း စသည့်စီမံကိန်းများ ပါဝင်သည်။

ထို့ပြင် ကျန်းမာရေးကဏ္ဍအတွက် ငွေကျပ်သန်းပေါင်း ၁၉၇၉၃၁ ဒသမ ၃၈၇ လျာထားပြီး အများစုမှာ ကျေးလက်ကျန်းမာရေးဌာနခွဲများ တည်ဆောက်ရန်နှင့် မြို့နယ်ဆေးရုံများ တည်ဆောက် ရန်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက် မှု ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်တင်နွယ်ဦး က "စီမံကိန်းတွေက အရင်းအနှီးတွေက အရမ်းများပြီး နှစ်အ လိုက် ပြန်ရမယ့်နှုန်းက တွက်ကြည့်လိုက်တော့ မကိုက်ဘူးဖြစ်နေတယ်။ per capital income ကိုလည်း နှစ်အလိုက် တွက်ထားပြီးတော့ GDP ကိုကျတော့ ပုံမှန်ဈေးနှုန်းနဲ့ တွက်ထားတယ်။ တစ်နည်းအားဖြင့် ပြန်ပြောမယ်ဆိုရင် စားသုံးမှုနဲ့ ရင်းနှီးမြှုပ်နှံမှုကြားမှာ ၁၀၀ ရာခိုင်နှုန်းလောက် ကွာနေတယ်။ နိုင်ငံခြားကို လုံးဝအားကိုးသလိုဖြစ်နေတယ်။ စက်မှုကဏ္ဍမှာ တိုးနေပြီး လျှပ်စစ်ကဏ္ဍမှာ လျော့နေတယ်။ တိုင်းနဲ့ပြည်နယ် ပြန်ကြည့်တော့လည်း ချင်းနဲ့ပဲခူးနဲ့မှာ ချင်းက လျော့နေ
တယ်။ ဒါမျိုးတွေကို လွှတ်တော်မှာ အသေးစိတ်ပြန်ဆွးနွေးဖို့ ရှိပါတယ်" ဟု ပြောကြားခဲ့သည်။

eleven media group

No comments: