Wednesday, January 09, 2013

မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများကြား ဆက်ဆံရေး တိုးတက်ကောင်းမွန် လာခြင်းသည် တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီ၏ The Global Times သတင်းစာ ဖော်ပြ

မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်းသည် တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီ၏ The Global Times သတင်းစာက ဇန်န၀ါရီလ ၆ ရက်က ဖော်ပြခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ မဟာဗျူဟာ အနေအထားပေါ်တွင်လည်း ဖိအားရှိလာနိုင်ကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်
ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား တူညီသည့်မဟာဗျူဟာနှင့် စီးပွားရေးအကျိုးအမြတ်များ ရှိနေပါကြောင်း လည်း ဖော်ပြခဲ့သည်။

The Global Times သတင်းစာ၏ 'Ethnic conflicts highlight Myanmar’s uncertain transition' ဆောင်းပါးတွင် ယင်းကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲများ အရှိန်မြင့်တက်လာမှုကြောင့် စစ်ပွဲပဋိပက္ခကိုလျှော့ချရန်ဖိအားများ ရှိနေသော်လည်း မြန်မာနိုင်ငံအနေနှင့် သံတမန်ရေးအရ ထောက်ခံမှုများ ရရှိနေမှုတွင် ထိခိုက်မှုမရှိကြောင်း၊ ဂျပန်ဒုတိယ၀န်ကြီးချုပ် တာရိုအာဆိုသည် ၎င်း၏မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံက ပေးဆပ်ရမည့် အကြေွး ယန်းဘီလျံ ၅၀၀ ကို လျော်ပစ်ခြင်း၊ ကြေွးမြီသစ်ယန်းဘီလျံ ၅၀ ကို ခွင့်ပြုခြင်း စသည်တို့သည် တရုတ်နိုင်ငံကို ပစ်မှတ်ထားလုပ်ဆောင်သည်ဟု ယူဆနိုင်ကြောင်း ယင်းဆောင်းပါး၌ ရေးသားခဲ့သည်။

ထို့ပြင် အိန္ဒိယကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီသည်လည်း နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် တရုတ်နိုင်ငံ၏ မဟာဗျူဟာကို တန်ပြန်ရန် နေပြည်တော်သို့ လာရောက်ရန်ရှိကြောင်းလည်း ယင်းဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေပါကြောင်း၊ လေ့လာသူအချို့က မြန်မာနိုင်ငံတွင် တရုတ် ဆန့်ကျင်ရေးများ တဖြည်းဖြည်းအားကောင်းလာနေသည်ဟု ဆိုပါကြောင်း၊ ယင်းမှာ တရုတ်-မြန်မာ ဆက်ဆံရေးကို လျှော့တွက်ရာရောက်ပါကြောင်းဟု ယင်းဆောင်းပါး၌ ဆက်လက်ရေးသားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းကို အနောက်နိုင်ငံများက မျက်နှာသာပေး ပါကြောင်း၊  မြန်မာနိုင်ငံတွင်းရှိ အချို့သော အနောက်လိုလားသူ အင်အားစုများက မြန်မာနိုင်ငံကို အနောက်နှင့် နီးကပ်စွာနေစေလိုကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ လက်ရှိ  ထောက်ခံ အားပေးမှုသည် အခြေအနေအရ သို့မဟုတ် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်မည့် အကြောင်းရင်းခံများ ရှိနေပါကြောင်းလည်း ယင်းဆောင်းပါးတွင် ရေးသားခဲ့သည်။

အစိုးရနှင့် KIA အကြား ပဋိပက္ခအရှိန် မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးသည် မသေချာ မရေရာဆိုသည်ကို ထင်ဟပ်နေကြောင်း ၊မြန်မာနိုင်ငံသည် ပြည်တွင်းစစ်သို့ ပြောင်းလဲသွားနိုင် သည့် ရှုပ်ထွေးလှသည့် လူမျိုးရေးပြဿနာကို ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန့်ပွားရေး ကို စိတ်အား ထက်သန်နေသည့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံနှင့်ကပ်လျက် တည်ရှိနေခြင်း မဟုတ်ကြောင်း၊ ၎င်းတို့အနေနှင့်မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ကမောက်ကမဖြစ်ခြင်း၏ နောက်ဆက်တွဲ
အကျိုးဆက်ကို စိုးရိမ်နေစရာ မလိုကြောင်း၊ သို့ရာတွင် အဆိုပါပြဿနာများကို ကောင်းမွန်စွာ ကိုင်တွယ် မဖြေရှင်းနိုင်ပါကမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများ အပေါ် သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း ယင်းဆောင်းပါးက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ မြောက်ဘက်တွင်ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခသည် တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏  ပြည်တွင်းရေး  ပြဿနာများကို ဖြေရှင်းရာတွင် ပိုမို တက်ကြွစွာ ဆောင်ရွက်သင့်ကြောင်း ယင်းဆောင်းပါး၌  ရေးသားခဲ့သည်။

Eleven Media Group

No comments: