Wednesday, February 13, 2013

ဧရာဝတီမြစ်ကမ်းဘေးမှ လယ်ယာမြေများ တရုတ်လုပ်ငန်းရှင်များ ၀ယ်ယူ

Wednesday, February 13, 2013
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်း ၀မြို့ဟောင်းရှိ ကမ်းပါးပြိုကျမှုဒဏ် ရင်ဆိုင်နေ ရသော ဧရာဝတီမြစ်ကမ်းပါးဘေး လယ်ယာမြေများ ကို တရုတ်လူမျိုးများ လာရောက်ဝယ်ယူနေကြောင်း သတင်းရရှိသည်။ အင်းဝမြို့ဟောင်း ကူးတို့ဆိပ်နှ င့် တောင်တော်ဆိပ်ကမ်းကြား ဧရာဝတီမြစ်ကမ်းပါး တစ်လျှောက်ရှိ ဧက ၂၀ ကျော်ခန့်ရှိသည့် လယ်မြေ စိုက်ခင်းများကို တရုတ်လူမျိုးများ လာရောက်ဝယ် ယူနေခြင်းဖြစ်ပြီး ၃ ဧကခန့်သာ အရောင်း အ၀ယ်ဖြစ်ရန် ကျန်ရှိတော့ကြောင်း လယ်မြေရောင်း ချလိုက်သည့် တောင်သူအချို့ကပြောသည်။



“မိဘလက်ငုတ်လက်ရင်းဆိုတော့ ရောင်းတော့မရောင်းချင်ဘူး။ ဒါပေမဲ့ မရောင်းရင်လည်း မြေပြို လို့ကုန်မှာ။ ဒါကြောင့်ရောင်းလိုက်ရတာ”ဟု မြေရောင်းချပြီးသူ အင်းဝမြို့ဟောင်းလေဇာရွာမှ အမျိုးသ မီးကြီးတစ်ဦးကပြောသည်။

ကမ်းပါးပြိုကျမှုဒဏ်ကြောင့် တစ်နှစ်လျှင် ဧကထက်ဝက်ခန့် ဆုံးရှုံးနေသောကြောင့် လာရောက်ဝယ် ယူနေစဉ် ရောင်းချလိုက်ခြင်းဖြစ်ကြောင်း ရောင်းချလိုက်သူအချို့ကဆိုသည်။မြန်မာစကား ရည်မွန်စွာပြော တတ်သော တရုတ်လူမျိုးများ၊ အချို့မှာ မြန်မာစကားမပြောတတ်၍ စကားပြန်ဖြင့် လာရောက်သူများက ၀ယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း၊ တစ်ဧကလျှင် ကျပ်သိန်း ၁၂၀ ၀န်းကျင်ဖြင့် အရောင်းအ ၀ယ်ဖြစ် ခဲ့ကြောင်း ရောင်းချခဲ့သည့် တောင်သူအချို့ကပြောသည်။ယင်းလယ်မြေများ ရောင်းချလိုက်သဖြင့် ဒေသခံလယ်ကူလီအချို့မှာ အခြားအလုပ်အကိုင်များ ပြောင်းလုပ်လာကြောင်း အင်းဝဒေသခံအချို့ကဆိုသည်။

“အရင်ကတော့ လယ်ထဲဆင်းတယ်။ ခုတော့ လယ်တွေရောင်းပစ်လိုက်ကြတော့ လုပ်စရာအလုပ် မရှိလို့ မြင်းလှည်းတက်မောင်းနေတယ်”ဟု အင်းဝမြို့ဟောင်း ကူးတို့ဆိပ်မှ အသက် ၃၅ ၀န်းကျင် မြင်း လှည်းမောင်းနေသူ အမျိုးသားတစ်ဦးကပြောသည်။

ရောင်းချလိုက်သည့် လယ်ယာမြေများတွင် ပဲထောပတ်၊ ငှက်ပျော၊ပြောင်းဖူးများ အဓိကစိုက်ပျိုးခဲ့ကြသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အင်းဝမြို့ဟောင်းအနီးရှိ တံတားဦးမြို့တွင် ဟိုတယ်ဇုန်စီမံကိန်း တည်ဆောက်ရန် စီစဉ်နေပြီဖြစ်သည်။

ယင်းသတင်းကြောင့် ယမန်နှစ်ကတည်းက တံတားဦးနှင့် အင်းဝမြို့ဟောင်းအတွင်းရှိ လယ်မြေများ အရောင်းအ၀ယ်ဖြစ်ခဲ့ကြသည်။ ယင်းအရောင်းအ၀ယ်ဖြစ်နေသော လယ်မြေနေရာသည် အင်းဝကူးတို့ဆိပ် အနီး ဧရာဝတီမြစ်၊ စစ်ကိုင်းတံတားနှင့် စစ်ကိုင်းတောင်များကို လှမ်းမျှော်ကြည့်ရှုနိုင် သည့် မြင် ကွင်းကောင်းသောနေရာဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းပြုလုပ်ရန် ရည်ရွယ်၍ ၀ယ်ခြင်းဖြစ်နိုင်သည် ဟုလည်း အင်းဝဒေသခံအချို့က ခန့်မှန်းကြသည်။

ဓာတ်ပုံ- ညီညီဇော်
7Day News Journal

No comments: