Thursday, February 21, 2013

စင်ကာပူနှင့် မလေးရှား အမြန်ရထားလမ်း ဖောက်လုပ်ရန် သဘောတူ

Thursday, 21 February 2013
စင်ကာပူနှင့် ကွာလာလမ်ပူကို ချိတ်ဆက်မည့် အမြန်ရထားလမ်း အား ၂၀၂၀ ပြည့်နှစ် မတိုင်မီ တည်ဆောက် သွားမည်ဖြစ်ကြောင်း စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းနှင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်တို့ တွေ့ဆုံပြီးနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အမြန်ရထားလမ်းသည် နှစ်နိုင်ငံစလုံး အတွက် ဖွံ့ဖြိုးမှု၊ သာယာဝပြောမှုနှင့် အခွင့်အလမ်းတို့ ကို ဖော်ဆာင်နိုင်မည့် ခေတ်သစ်တစ်ရပ် ဖြစ်ထွန်းလာစေမည်ဖြစ်ကြောင်း၊ စင်ကာပူနှင့် ကွာလမ်လာပူကြား ခရီးသွားလာမှု ကိုချောမွေ့စေ မည်ဖြစ်ကြောင်း၊ စီးပွားရေး ချိတ်ဆက်မှုများ ပိုမိုလွယ်ကူ လာမည်ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများ ပိုမိုနီးကပ်စေမည်ဖြစ်ကြောင်း ယင်းကြေညာချက်က ဖော်ပြခဲ့သည်။



ရထားလမ်း ချိတ်ဆက်မှုကြောင့် ကွာလာလမ်ပူနှင့် စင်ကာပူကြား ခရီးကြာချိန်ကို မိနစ် ၉၀ ထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် လီရှန်လွန်းက ပြောကြားခဲ့သည်။

ရထားလမ်း စီမံကိန်းအတွက် အသေးစိတ်လေ့လာမှုကို ၀န်ကြီးအဆင့် ပူးတွဲကော်မတီတစ်ရပ် က ဆောင်ရွက်သွားမည်ဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီများက တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာချက် က ဖော်ပြခဲ့သည်။

လောလောဆယ်တွင် စင်ကာပူနှင့် ကွာလာလမ်ပူကြား မိုင် ၁၉၀ (ကီလိုမီတာ ၃၁၅) ခရီးကို ရထားဖြင့် သွားလာပါက ၈ နာရီကြာမြင့်ပြီး ကားဖြင့်သွားပါက ၅ နာရီ ကြာမြင့်သည်။ လေယာဉ်ဖြင့် သွားလာပါက ၄၅ မိနစ်ခန့် ကြာမြင့်သည်။ နှစ်နိုင်ငံကြား ယခုကဲ့သို့ စီမံကိန်းကြီးများ ဆောင်ရွက်သည့်အခါ ဗျူရိုကရက် တစ် နှောင့်နှေးမှုများ ရှိလာနိုင်ကြောင်း အမေရိကန်မေရီလင်းဘဏ်မှ အရှေ့တောင်အာရှ စီးပွားရေးရာ ကျွမ်းကျင်သူ ချွာဟက်ဗင့်က ပြောကြားခဲ့သည်။

စင်ကာပူနှင့်မလေးရှား ခေါင်းဆောင်နှစ်ဦးသည် မလေးရှားတောင်ပိုင်း အီစကန်ဒါတွင် စက်မှုဇုန်တစ်ခု အကောင်အထည်ဖော်ရေး စီမံကိန်းကိုလည်း ဖွင့်လှစ်ပေးမည်ဖြစ်သည်။

eleven media group

No comments: