Monday, March 18, 2013

ဝန်ထမ်းလစာ တိုးမြှင့်လိုက်မှုနှင့် နိုင်ငံ့ဝန်ထမ်းအချို့၏ တုန့်ပြန်မှုများ

Saturday, March 16, 2013
ဧပြီလမှ စ၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထား များကိုကျပ်၂၀,၀၀၀ စီတိုးမြှင့်ပေး မည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး က ပြောဆို လိုက် သည်။ “၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်း များအတွက် လစာနှုန်းထားကို ကျပ်နှစ်သောင်းစီ တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ အချိုးကျ တိုးမြင့်လာ မည့် ပင်စင်လစာနှင့် ဆုငွေများအတွက် သာမန် အသုံးစရိတ်တွင် ထည့်သွင်း လျာထားမှုများ ပြုလုပ် ခဲ့ပါတယ်” ဟု မတ်လ ၁၅ ရက်နေ့က ပြုလုပ်သည့်
ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြ ည်ထောင်စုဝန်ကြီးဦးဝင်းရှိန်ကပြောကြားသွားခြင်း ဖြစ်သည်။

“လက်ရှိ ခံစားခွင့် ပြုထားသော အပိုထောက်ပံ့ကြေး၊ ဒေသစရိတ်တို့ကိုလည်း ပြောင်းလဲမှုမရှိ ဆက် လက် ထောက်ပံ့ သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသွားသည်။

ထိုသို့ လစာတိုးမြင့်တော့မည်နှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများက ဝမ်းသာကြသော်လည်း ကုန်ဈေးနှုန်းပါ တပါတည်း တက်လာမည်ကိုမူ စိုးရိမ်လျက်ရှိကြသည်။



“တိုးပေးတာကို ဝမ်းသာလို့ ရအောင် ကုန်ဈေးနှုန်း မတက်ပါမှ ပါပဲ။ ဝန်ထမ်းမိဘတွေ အနေနဲ့ ကလေးတွေရဲ့ ကျူရှင်စရိတ် မတက်ပါမှ အဆင်ပြေနိုင်ပါမယ်။ ပြောင်းလဲနေတဲ့အချိန်မှာ သားသမီးတွေရဲ့ ကျူရှင်စရိတ်က မိဘတွေအပေါ် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေတာကို ပညာရေးဝန်ကြီး အနေနဲ့ အလေးအနက် ထား စဉ်းစားစေချင်ပါတယ်” ဟု သူနာပြုဆရာမ ဒေါ်မြညွှန့် က တိုက်တွန်းသည်။

အကယ်၍ ကုန်ဈေးနှုန်းများ တက်လာခဲ့ပါမူ ထိုဒဏ်ကို တောင့်ခံနိုင်ရန်လည်း အစိုးရဌာနတခုမှ ဒု-ညွှန်မှူး ဒေါ်ကြည်ကြည် က အကြံပြုသည်။

“လစာတိုးပေးမှာ ဧပြီလ ကုန်မှပါ။ အရင်ခေတ်တွေကလို ကြိုပြီး ကုန်ဈေးနှုန်း မတက်စေချင်ပါဘူး။ ကျမတို့ အိမ်ရှင်မတွေအနေနဲ့ကလည်း ကြက်သွန် တက်မယ်ဆိုရင် နည်းနည်းပဲ ဝယ်သုံးမယ်။သူ့အစား ဈေးပေါတဲ့ ချင်း၊ စပါးလင် သုံးမယ်။ ပုတ်ကုန် ဖြစ်တဲ့ ကြက်သွန် တက်ဈေးနဲ့ တောင့် မခံနိုင်ပါဘူး။ ဆန်ဆိုလည်း ဈေးတက်ရင် တပြည်ချင်း ဝယ်စားမယ်။ ဆန်တွေက ရိတ်သိမ်းကတည်းက မိုးမိထားတာ။ ဂိုဒေါင်မှာ ကြာကြာထားရင် မှိုတက်မယ်။ ပိုးကျမှာပဲ။ ဈေးကျမှ ဝယ်စားမယ်။ ဒါမျိုးတွေ စီမံသင့်ပါတယ်။ အရင်တုန်းက လစာ တိုးမယ် အသံကြားရင် ဈေးနှုန်းတက်မှာ စိုးလို့ ငွေ ရှိတဲ့သူတွေက စားသောက်ကုန်တွေကို များများ ကြိုဝယ်ကြတယ်။ ရန်ကုန်မှာက တဦးလုပ်ရင် ကျန်တဲ့သူတွေက လန့်ပြီး လိုက်ဝယ်ကြတာ မျိုးတွေ ရှိခဲ့တယ်။ အဝယ်များတော့ ကုန်ပစ္စည်းတွေက ဈေးမတက်သင့်ဘဲ တက်ကုန်တာမျိုးတွေ ဖြစ်ခဲ့ဖူးတယ်။ ဒါမျိုးတွေ သတိပြု လုပ်ကိုင် သင့်ပါတယ်” ဟု အိမ်ရှင်မ လည်း ဖြစ် သူ ဒေါ်ကြည်ကြည် က ဆိုသည်။

ရပ်တည်ရန် အခက်အခဲများကြောင့် ပင်စင်စားများကလည်း လစာတိုးမြှင့် ရလိုကြပြီး သို့မဟုတ်ပါကလည်း သင့်တော်မည့် အစီအစဉ်များ ဖန်တီးပေးစေလိုကြသည်။

“လစာတိုးပေးတာ မုဒိတာပွားစရာပါ။ ကျနော်တို့လို ပင်စင်စားတွေကလည်း ပင်စင်သမားတွေ ပါမလားလို့ နားစွင့်နေတာပါ။ သမ္မတကြီးရဲ့ ခေါင်းထဲမှာ လည်း ပင်စင်စားတွေရဲ့ကိစ္စ ရှိနေနိုင်ပါတယ်။ အဆင့်မြင့် ရာထူးတွေနဲ့ အငြိမ်းစားယူသူတွေက တာဝန်ထမ်းဆောင်စဉ် ကတည်းက လိမ္မာပါးနပ်သူ များတော့ အနည်းအကျဉ်း မပူပင်ရသူ များတယ်။ တာဝန်ထမ်းစဉ် ကတည်းက အောက်ခြေဝန်ထမ်း လုပ်ခဲ့ရသူေ တွကတော့ ပင်စင် ယူပြီးတာတောင် စားဝတ်နေရေးအတွက် ပူပင်နေကြရတော့ ပင်စင်လစာ တိုးတာမျိုး၊ ရင်းနှီးစားလို့ ရအောင် တစုတည်း ထုတ်ပေးတာမျိုးတွေ ကို မျှော်လင့်နေသူတွေ များပါတယ်။ ဒါပေမယ့်ပင်စင်ကိစ္စကလည်းခေါင်းစဉ် အမျိုးမျိုး ရှိနေတော့ အတော်ရှုတ်တဲ့ ကိစ္စတခုလို ဖြစ်နေတာကိုး” ဟု ရန်ကုန်တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ တဦး က ပြောသည်။

သို့သော် တိုင်းပြည် လူဦးရေ၏ ၃ ရာခိုင်နှုန်းသာ ရှိသော နိုင်ငံ့ဝန်ထမ်းများ လစာ တိုးမြှင့်ပေးမှုကြောင့် ကုန်ဈေးနှုန်း တက်လာမည်ကို စိုးရိမ်ရန် မရှိကြောင်း စီးပွားရေး သုတေသီ တဦး က ဆိုသည်။

“တပြည်လုံး အတိုင်းအတာနဲ့ ကြည့်ရင် လုပ်သားအင်အားစု အားလုံး ထဲမှာ နိုင်ငံ့ဝန်ထမ်း အင်အားစုက နည်းပါတယ်။ ဒီလူနည်းစုကို လစာတိုးပေးလို့ ငွေကြေးဖေါင်းပွမှုက ဖြစ်စရာ အကြောင်းမရှိပါဘူး။ သီအိုရီ သဘောအရပဲ ဖြစ်ဖြစ်၊ သဘာဝ အရပဲ ကြည့်ကြည့် တိုင်းပြည် စီးပွားရေး အဆောက်အအုံ တခု အောက်မှာ အလုပ်အကိုင် အပြည့်အဝ မရမချင်း လစာတိုးပေးရင် ငွေကြေးဖေါင်းပွမှု ဆိုးဆိုးရွားရွား မဖြစ်နိုင်ပါဘူး။ လစာတိုးတာကို နွယ်ပြီး ကုန်ဈေးနှုန်း တက်တယ် ဆိုရင်ဈေးကွက်
သဘာဝကြောင့် မဟုတ်နိုင်ပါဘူး။ လူ့ ပရောဂ ကြောင့်သာ ဖြစ်နိုင်ပါတယ်” ဟု ဆရာ ဦးစောနိုင် က သုံးသပ် ပြောကြားသည်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဧပြီ ၁ ရက်က စတင်၍ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအတွက် လက်ရှိသတ်မှတ် ထားသော လစာနှင့် စရိတ်နှုန်းထားများ အပြင် တဦးလျှင် တလ ကျပ် ၃၀,၀၀၀ နှုန်းဖြင့် အပိုထောက်ပံ့ကြေး ပေးခဲ့သည်။

ထို့အပြင် အစိုးရဌာနနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို လက်ရှိသတ်မှတ်ပြီး လုပ်ခအပေါ်တွင် ကျပ် ၁,၀၀၀ နှုန်းဖြင့် အပိုထောက်ပံ့ကြေး ပေးခဲ့သည်။

ခင်မျိုးသွယ်
မဇ္ဈိမ

No comments: