Thursday, March 28, 2013

နိုင်ငံပိုင် အင်္ဂလိပ် သတင်းစာ အကျိုးတူ လုပ်ကိုင်ရန် အဆိုပြုလွှာခေါ်

Tuesday, March 26, 2013
ရန်ကုန် (မဇ္ဈိမ)။ ။ အင်္ဂလိပ်ဘာသာ ဖြင့်ထုတ်ဝေလျက်ရှိသော အစိုးရပိုင် New Light of Myanmar သတင်းစာ အား အကျိုးတူ လုပ်ကိုင်ရန်အတွက် အဆိုပြုလွှာ ခေါ်ယူထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှတဆင့် သိရသည်။

“ပြည်တွင်းလုပ်ငန်းရှင်ရော၊ ပြည်ပလုပ်ငန်းရှင်ပါ လျှောက်ထားနိုင်ပါတယ်။ပြည်ပလုပ်ငန်းရှင် အနေနဲ့ အကျိုးတူ လုပ်ကိုင်ချင်ရင် လုပ်ငန်းရှင်-ကုမ္ပဏီအမည်နဲ့ ပတ်စ်ပို့အမှတ်၊ လုပ်ငန်းရှင်နဲ့ ကုမ္ပဏီနောက်ခံအကြောင်း၊ ကုမ္ပဏီ အထောက်အထား၊ ငွေကြေး အထောက်အထား၊ ရင်းနှီးမြှုပ်နှံမှု၊ အကျိုး အမြတ်ခွဲယူလိုမှု စတာတွေ ပါဝင်ရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

အဆိုပြုလွှာ တင်သွင်းသူမှာ ပြည်တွင်း လုပ်ငန်းရှင် ဖြစ်ပါကလည်း အလားတူလိုအပ်သော အထောက်အ ထား အချို့ဖြင့် လျှောက်ထားရမည် ဖြစ်သည်။



“ပုဂ္ဂလိက ပုံစံနဲ့ သတင်းစာ ထုတ်ဝေဖို့ဆိုတာ ပညာရှင်ပိုင်း၊ ပစ္စည်းပိုင်းနဲ့ဈေးကွက် စသည်ဖြင့် အများကြီးပြင်ဆင်ရမယ့် အပိုင်းတွေ ရှိနေပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေရမှာကြောင့် ပြည်တွင်း စာဖတ်သူ ဦးရေ၊ ပြည်ပ ဈေးကွက် တင်ပို့နိုင်မှုတွေကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ ဒါကြောင့် အတော်စွန့်စားရမှာပါ” ဟု ပြည်တွင်း ဂျာနယ်တခုတွင် ရှယ်ယာထည့်ဝင်လုပ်ကိုင်နေသူ ဦးအောင်သူ က ဆိုသည်။

အဆိုပြုလွှာများအား ဧပြီ ၂၅ ရက်အမီ နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနသို့ ပေးပို့ရမည် ဖြစ်သည်။

ပုဂ္ဂလိက သတင်းစာများကို ဧပြီ ၁ ရက်တွင် ထုတ်ဝေနိုင်ရေးအတွက် အဆိုပြု လျှောက်ထားသူများအား စီစစ်ခွင့်ပြုလျက်ရှိရာ မတ်လ ၂၅ ရက်နေ့အထိ နေ့စဉ်သတင်းစာ ၁၆ စောင်ကို ခွင့်ပြုခဲ့ပြီး နောက်ထပ် လည်း ဆက်လက် စိစစ်နေဆဲဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

မဇ္ဇိုမ

No comments: