Monday, March 18, 2013

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ဥပဒေရေးရာရှု ထောင့်မှ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

Monday, March 18, 2013
၂၀၁၂ ခုနှစ်၊ ပြည်ထောင် စုလွှတ်တော် ဥပဒေ အမှတ် ၉ ဖြစ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ဥပဒေ ရေးရာ ရှုထောင့်မှ အလုပ် ရုံေ ဆွးနွေးပွဲ တစ်ရပ်ကို ကလေးမြို့၊နေသာစာကြည့် တိုက်တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းကလေးမြို့ လူမှုကွန်ယက်မှကိုကြည်သာငြိမ်းကပြောကြားသည် ။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ကလေးခရိုင် ဥပဒေတရားရုံးမှ ဒု-ခရိုင် ဥပဒေအရာရှိ ဒေါ်ဥ မ္မာအောင်က ဦးဆောင်ရှင်းပြ ဆွေးနွေး ခဲ့ပြီး ကလေး တက္ကသိုလ်၊ ရုက္ခဗေဒနှင့် ဇီဝဗေဒမှ တက္ကသိုလ်ဆရာများ၊ ကနေဒီ စိမ်းလန်း စိုပြည်ရေး အဖွဲ့၊ရှေ့နေများနှင့် အခြား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်လိုသည့် ပုဂ္ဂိုလ်များ အပါအ၀င် ၂၅ ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ အခန်း(၁၄)၊ ပုဒ်မ-၃၆ မှာ ၀န်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အစိုးရဌာနအဖွဲ့အစည်းနှင့် ပုဂ္ဂလိက လုပ်ငန်းတစ်ခုခုအား နိုင်ငံတော်နှင့် ပြည်သူ့အကျိုးငှာ ဤဥဒေပါ ပြ ဌာန်းချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမှ ကင်းလွတ်ခွင့် သို့မဟုတ် လျော့ပေါ့ခွင့် ပြုနိုင်သည်လို့
ပြဌာန်းထားတာ တွေ့ရပါတယ်။ ဒီအချက်ဟာ ဥပဒေဟာ တစ်သားတည်း မဖြစ်ဘူး၊ ဒီပုဒ်မကြောင့် အကျင့် ပျက်မှုတွေ၊ အလွဲသုံးစားမှုတွေ ဖြစ်လာနိုင်လို့ ပုဒ်မ-၃၆ ကို ပြဌာန်းဖို့ မသင့်တော်ကြောင်း ပြောချင်ပါတယ်” ဟု တက်ရောက်သူများက ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေသည် ယေဘုယျ သဘောဆန်နေပြီး တိကျသည့် ပတ်ဝန်းကျင် အရည်အသွေး စံချိန် စံညွှန်းများ ဖော်ပြထားဖို့ လိုကြောင်း၊ အခန်း(၁၀)တွင် ကြိုတင်ခွင့်ပြုချက် ရယူရန် ပြဌာန်းထားသော် ယခင်အစိုးရ လက်ထက်တွင် ကြိုတင်ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်နေကြပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နေသည့် လုပ်ငန်းများအပေါ် ဥပဒေအရမည်သို့ သက်ရောက်မှုရှိကြောင်း၊ နည်းဥဒေ မထွက်ခင် ပြစ်မှုပြစ်ဒါဏ်များကို ရှေးဦးစွာ ပြဌာန်းထားခြင်းမှာ သင့်တော်မှုရှိ၊ မရှိစဉ်းစားရန် လိုကြောင်း တို့ကို ဥပဒေရှုထောင့်မှ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

၎င်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ အလုပ်ရုံ ဆွေးနွေးပွဲတွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အတွင်းရှိ မြွေတောင်ဒေသ နီကယ်သတ္တု ထုတ်လုပ်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး သဘာဝ ပတ်ဝန်း ကျင်ကို ထိခိုက်စေမည့် အကြောင်း တရားများကိုပါ ဆက်စပ် ဆွေးနွေးနိုင်ခဲ့ပြီး ထိုကဲ့သို့ အလုပ် ရုံ ဆွေးနွေးပွဲ မှတ်တမ်းများမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေအတွက် တစ်စုံတစ်ရာ အထောက်အပံ့ ဖြစ်စေနိုင်သည့် အချက်အလက်များ ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း သိရ သည်။ဆွေးနွေး ပွဲဖြစ်မြောက်ရေးကို ကလေးမြို့လူမှုကွန်ယက်မှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး နေ့ လယ်(၁း၀၀)နာရီမှ ညနေ(၃း၀၀)နာရီအထိ ဆွေးနွေးခဲ့ကြသည်။ လာမည့် အကြိမ်တွင် ၁၉၈၂-ခုနှစ် နိုင်ငံ သား ဥပဒေကို ဆွေးနွေးကြမည်ဟု သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age

No comments: