Friday, April 26, 2013
ရခိုင်ပြည်နယ်အတွင်း လူဦးရေစာရင်း ကောက်ခြင်းကို ရက် ၂၀ အတွင်း အပြီးပြတ် လုပ်ဆောင်ကာ ဒုက္ခသည်များကိုမိုးမကျမီ နေရင်းဒေသကျေးရွာများ၌ ပြန်လည်နေရာချပေးသွားတော့မည်ဖြစ်ကြောင်း ပြည်နယ်
အစိုးရက ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။
“ဧပြီလ ၂၆ ရက်ကနေ မေလ ၁၅ ရက်နေ့အထိ ရခိုင်ပြည်နယ် ခရိုင် ၄ ခရိုင် အတွင်းမှာ လူဦးရေ စာရင်းကောက်ယူသွားမယ်။ စာရင်း ကောက်ယူခြင်းကိုတပ်၊ ရဲ အပါအဝင် ဌာနပေါင်းစုံက လူ ၂၀ ပါဝင်တဲ့ အဖွဲ့ပေါင်း ၆၃ ဖွဲ့နဲ့ လုပ်ဆောင်သွားမယ်။ ရရှိလာတဲ့ စာရင်းတွေကို ဇွန်လကုန်မှာ အချောသတ်မယ်။ ဒါက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရဲ့ စီမံချက်အရ ဆောင်ရွက်တာဖြစ် တယ်” ပြည်နယ် အစိုးရ သတင်းပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က ပြောသည်။
နေအိမ်များ အပြီးဆောက်လုပ်၍ ဒုက္ခသည်များကို နေရင်း ပြန်ပို့တော့မည်ဟုလည်း ဆိုသည်။
“ယာယီတဲတွေမှာ နေထိုင်နေကြသူတွေကို မိုးမကျခင်မှာ အမိုးအကာအောက်ကို ရောက်ဖို့အတွက် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။စစ်တွေကို ရောက်နေတဲ့ ကျောက်ဖြူ၊ ပေါက်တော၊ ရသေ့တောင် စတဲ့ မြို့နယ်တွေက ဒုက္ခသည်တွေကို မူရင်းဒေသ ပြန်ပို့ပြီး နေထိုင်ရေးနဲ့ လုပ်ကိုင် စားသောက်ရေးတွေကို စီမံပေးသွားမယ်” ဟု ၎င်းက ဆက်ပြောသည်။
၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပဋိပက္ခများကြောင့် ဒုက္ခသည် တသိန်းကျော်မှာ မြို့ကြီးများရှိ ယာယီတဲများတွင် ခိုလှုံနေထိုင်လျက်ရှိကြသည်။
နှစ်ဘက် ဒုက္ခသည်များ ပြန်လည်နေရာချထားရာတွင် ပျက်စီးမှု နည်းပြီးပြဿနာထပ်မံ ဖြစ်ပွားရန် ခက်ခဲသည့် အနေအထားရှိက နေရင်းရွာ၏ မူလနေရာ၌ ပြန်လည် နေရာချထားပေးမည် ဖြစ်သည်။ အကယ်၍ ပြဿနာ ထပ်ဖြစ်လာဖွယ် ရှိပါက ကာယကံရှင်အဆင်ပြေမည့် နေရာတွင် ပြန်လည်နေရာ ချပေးသွားမည်ဟု ဦးလှသိန်း က ရှင်းပြသည်။
ယခုအခါ မွတ်ဆလင် ဒုက္ခသည်များအတွက် မိသားစု ၈ စု နေထိုင်နိုင်သည့် တဲကြီး အလုံးပေါင်း ၄၀၀ ကိုလည်း ထပ်မံဆောက်လုပ်ဆဲဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။
ပြည်နယ်အစိုးရ၏ အဆိုပါ သတင်းထုတ်ပြန်ခြင်းကို ဧပြီ ၂၄ ရက်နေ့မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ စစ်တွေမြို့ရှိပြည်နယ် ဥပဒေချုပ်ရုံးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းရှင်းလင်းပွဲသို့ ပြည်နယ် သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။
မဇ္ဈိမ

No comments:
Post a Comment