Friday, May 10, 2013

ကမ္ဘာ့ တတိယ အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ မြန်မာတွင် ဆောက်မည်

Friday, May 10, 2013
မြန်မာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နှင့် ထိုင်း စွမ်းအင်ကုမ္ပဏီ တခုဖြစ်သည့် Green Earth Power (GEP) တို့သည် အမေရိကန် ဒေါ်လာ ၂၇၅ သန်း တန်ဖိုးရှိသည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတခုမြန်မာနိုင်ငံတွင် တည်ဆောက်ရန် နားလည်မှု စာချွန်လွှာ တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုစက်ရုံကို ၂ နှစ် အချိန်ယူ၍ တည်ဆောက်မည် ဖြစ်ကာ ပြီးစီးချိန်တွင် ကမ္ဘာ့ တတိယ အကြီး ဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ ဖြစ်လာလိမ့်မည်ဟု GEP က အခိုင်အမာ ဆိုသည်။

GEP ကုမ္ပဏီ၏ စီမံခန့်ခွဲရေး ဒါရိုက်တာ Supasit Skontanarak က Bloomberg သတင်းဌာနသို့ ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့ရာတွင် အဆိုပါနေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံသစ် အနေဖြင့်မြန်မာအစိုးရထံသို့ နှစ်ပေါင်း ၃၀ တိုင်အောင် လျှပ်စစ်ဓါတ်အား ရောင်းချပေးမည်ဟု ဆိုသည်။



လျှပ်စစ်ဓါတ်အား ၂၁၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်လိမ့်မည့် စက်ရုံကိုနေပြည်တော် အနီးတွင် တည်ဆောက် မည်ဖြစ်ပြီး ရန်ကုန်မြို့၏မြောက်ဘက် ၅၀၀ ကီလိုမီတာ(၃၁၀ မိုင်)ခန့် အကွာတွင် တည်ရှိမည်ဟု ဆိုသည်။

GEP ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Paul Bernard Yang က ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာသို့ လွန်ခဲ့သည့် အပတ်က ပြောကြားခဲ့ရာတွင် “ကျနော်တို့ အနေနဲ့ ဒုတိယမြောက် နားလည်မှု စာချွန်လွှာ တခုကိုလည်း လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းနေပါတယ်။ ၂၀၀ မီဂါဝပ်ထက် ပိုတဲ့ လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးနိုင်စွမ်း ရှိမယ့် စက်ရုံတခုကို မန္တလေးဒါမှမဟုတ် ရန်ကုန်မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးမယ့် အဲဒီ ဒုတိယမြောက် နားလည်မှု စာချွန်လွှာကို ဒီနှစ်ထဲမှာအပြီးသတ် ရေးဆွဲနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ဆိုခဲ့သည်။

နိုင်ငံ၏ လူဦးရေ ၅၅ သန်းခန့် အတွက် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုနှုန်း ၂,၅၀၀ မီဂါဝပ်သာ ရှိသည်ဟု နာမည်ဆိုး ထွက်နေခဲ့သော မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့မူ မီဂါဝပ်ပေါင်း ၃၂,၀၀၀ ပံ့ပိုးပေးခဲ့သည်ဟု သိရသည်။

မဇ္ဈိမသတင်းဌာန

1 comment:

Unknown said...

ကိုယ့်နိုင်ငံထက် သိပ်ချမ်းသာတဲ့နိုင်ငံတွေ အများကြီးပါ၊ လျှပ်စစ်ပိုပြီးလိုကြတယ်၊ ရင်းနှီးနိုင်တဲ့ငွေရှိတယ်၊ ဒါဆိုဘာလို့ solar မလုပ်လဲ၊ ဆန်းစစ်ပါ၊ ကိုယ့်ထက် ချမ်းသာပြီး လျှပ်စစ်အများကြီး လိုနေတဲ့ ထိုင်းက သူ့ နိုင်ငံမှာတည်ပြီး ဘာလို့ မရောင်းလဲ၊ ဦးနှောက်သုံး ဆင်ခြင်ကြပါ၊ ဒီ solar စက်ရုံက ဘာလို့  ကမ္ဘာ့ တတိယ အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ ဖြစ်လာလဲ၊ တခြားနိုင်ငံတွေက ဆင်ခြင်ထုံတရား အပြည့်၊ ပညာရှင်ထက် ဘယ်သူမှကျော်မဆုံးဖြတ်ဘူး၊ လာပြောသမျှ လျှောက်မလုပ်ဘူး၊ အခု လုပ်ကိုင်ပုံအရ နောက်နှစ် ၃၀ တိုင်းပြည် ဝန်ထုပ်ဝန်ပိုးဖြစ်မယ်၊ တည်ဆောက်မဲ့နည်းပညာ၊ တည်နေရာရွေးချယ်ပုံ၊ စက်အရွယ်အစား ရွေးချယ်တာတွေ လက်တန်းမဆုံးဖြတ်ပဲ စည်းစနစ်တကျလေ့လာ တွက်ချက်ပြီး ရလဒ်တွေအရ တည်သင့်-မသင့် အကျိုးအပြစ်အားလုံး ချင့်ချိန်သုံးသပ်ပြီးမှ ဆုံးဖြတ်ဆောင်ရွက်ရပါမယ်၊
အခုလို လုပ်နေသမျှ တိုင်းပြည် နစ်နာနေမှာ