Thursday, June 27, 2013

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် ဖမ်းမိမူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးမှု တောင်ကြီးမြို့ တွင် ကျင်းပ

Thursday, 27 June 2013


(၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အခမ်းအနားကို ဇွန် ၂၆ ရက်က တောင်ကြီးမြို့ မြို့တော်ခန်းမတွင် လည်းကောင်း၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကိုတောင်ကြီးမြို့ အဝေယျာ မီးပုံးပျံ ကွင်းတွင် လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲကိုတောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းတွင် ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံ/နယ်စပ်ဝန်ကြီး၊ ဗိုလ်မှူးကြီး အောင်သူ
က အဖွင့်မိန့်ခွန်း ပြောကြားပြီး ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ၀င်းထွန်းက မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ ရဲမှူးနှင့် ဧည့်သည်တော်များမှ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး ဓာတုပစ္စည်းနှင့် ဆေးရည်များကို မြေကျင်းအတွင်း သွန်ချဖျက်ဆီးကာ မူးယစ်ဆေးဝါးများကို စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးကြသည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အထိမ်းအမှတ် သရုပ်ဖော်ပုံ ဘိန်းသီးကြီးကို မီးရှို့ဖျက်ဆီး ကြသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့၌ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ ဘိန်းဆီခဲ၊ ဘိန်းစိမ်း၊ ဘိန်းချေး၊ ဘိန်းကင်ခြောက်၊ ခပ်ခူး၊ ဘိန်းရည်၊ ဘိန်းညိုမှုန့်၊ အိုက်စ်၊ လွိုင်ဇော၊ ဆာလဖျူရစ်အက်စစ်၊ အက်ဖီဒရင်း၊ ဘိန်းညိုခဲ၊ အမိုနီယမ်ကလိုရိုဒ်၊ ဆူဒိုအက်ဖီဒရင်းဆေးဝါး၊ အက်ဖီ ဒရင်းအရည်၊ ဆေးခြောက်၊ ဆိုဒီယမ်ကာဗွန်နိတ်၊ ဆိုဒီယမ်ကလိုရိုဒ်၊ ဆိုဒီယမ်ဟိုက်ဒြောဆိုက်၊ ပိုတက် ဆီယမ် ကလိုရိုဒ်၊ အရိုးမီးသွေး၊ အီသိုင်းအယ်လ်ကိုလ်ဟော၊ အီသာ၊ ဟိုက်ဒရိုကလိုရစ် အက်စစ်၊ သိုင်အို နိုက်ကလိုရိုဒ်၊ ဘိန်းမျိုးစေ့၊ စိတ်ကြွဆေးမှုန့်၊ ဘိန်းဖြူဘလောက်တုံး၊ ကဖင်း၊ အဖြူရောင်အခဲ၊ ဓာတုဆေး ရည်၊ အဖြူရောင်အစေ့ အက်ဖီဒရင်း အဖြူရောင်အမှုန့်၊ ဆေးမျိုးစုံဆေးတောင့် စသည့်အမျိုးအစား ၃၇ မျိုး၊ စုစုပေါင်း ကာလတန်ဖိုး မြန်မာငွေကျပ် ၆၀၉၄၇ ဒသမ ၂ သန်း၊ အမေရိကန်ဒေါ်လာ ၆၄ သန်း တန်ဖိုး ရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

eleven media group

No comments: