Thursday, June 27, 2013

မန္တလေးတိုင်းဒေသကြီးတွင် ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော် မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီး

Thursday, 27 June 2013


မန္တလေးတိုင်းဒေသကြီးတွင် ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ထိန်းချုပ် ဓာတုပစ္စည်းများကို ဇွန် ၂၆ ရက် နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့သည်။

(၂၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို အောင်မြေသာစံ မြို့နယ် ရွှေမန်းတောင် အားကစားကွင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် တတိယ အကြိမ်မြောက်အဖြစ် ပြုလုပ်သည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်း အနားတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်းဖြူ ၂ ဒသမ ၉၉၇၆ ကီလို၊ ဘိန်းစိမ်း ၂၀ ဒသမ ၇၆၅၃ ကီလို၊ ဘိန်းဆီခဲ ၁၀ ဒသမ ၉၁၅၉ ကီလို၊ စိတ်ကြွဆေး အကြေမှုန့် ၀ ဒသမ ၀၆၁၇ ဂရမ်၊ ဆူဒိုအက်ဖီဒရင်း ၃၃၂၈၂၅၂၆ ပြား၊ စိတ်ကြွ ဆေးပြား ၆၂၁၂၂၁ ဒသမ ၅ နှင့် ချောင်းဆိုးပျောက်ဆေးရည် ၀ ဒသမ ၀၀၇ လီတာစသည့်မူးယစ်ဆေးဝါး နှင့် ထိန်းချုပ်ဓာတုပစည်း ၂၂ မျိုးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန် ၂၆ ရက် (၂၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ် အခမ်းအနားတွင် ယင်းကဲ့သို့ ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်း စုစုပေါင်း ကာလတန်ဖိုးငွေကျပ်သန်းပေါင်း ၄၁၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

eleven media group

No comments: