Friday, June 28, 2013

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူလူထုနှင့် လက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း သီတဂူဆရာတော် တိုက်တွန်း


Friday, 28 June 2013


အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲဆောင်ရွက်သွားရန် ဇွန် ၂၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်ရွာမရှိ အောင်ဆန်းတပ်ဦး ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော် ဘုရားကြီးက တိုက်တွန်းခဲ့သည်။

''အမျိုး၊ ဘာသာ၊သာသနာ စောင့်ရှောက်ရေးဆိုတဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ အမျိုးစောင့်၊ ဘာသာ စောင့်၊ သာသနာစောင့်ရုံတင် မကဘဲ နိုင်ငံပါစောင့်ရှောက်နိုင်ဖို့ အတွက် ငုံမိ၊ ခြုံမိတဲ့ စကားလုံးရွေးဖို့တော့ လိုပါတယ်။ ဦးဆောင်ကော်မတီတစ်ခု ဖွဲ့စည်းပြီးတော့ ဖွဲ့စည်းပုံရယ်၊ အခြေခံစည်းမျဉ်းရယ်၊ စကားလုံး ရွေး ချယ်ပုံရယ်၊ အဖွဲ့ရဲ့ အမည်နာမရယ်၊ စနစ်တကျပြန်လည်စိစစ် ဆောင်ရွက်ဖို့ သံဃာတော်အရှင်သူမြတ် အားလုံးရဲ့ ရှေ့မှောက်မှာ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကို တပည့်တော် လျောက်ထားပါတယ်။ ဂိုဏ်း ဂဏ ပေါင်းစုံ ညီညွတ်ခြင်းနဲ့ ဖွဲ့စည်းထားတဲ့ သံဃမဟာနယက အဖွဲ့ကြီးနဲ့ မျိုးစောင့် သံဃ၀ံသာနုရက္ခိတ အဖွဲ့နဲ့ ဘယ်လို လက်တွဲမလဲ၊ ဘယ်လိုသဘောထား ညီညွတ်အောင် လုပ်မလဲ၊ နှစ်ဘက် ဘယ်လို ညှိနှိုင်း မလဲ ပေါင်းစည်းညီညွတ်မှုက အရေးကြီးပါတယ်'' ဟု သီတဂူဆရာတော် အရှင်ဥာဏိဿရက မိန့်ကြားခဲ့ သည်။


ဗုဒ္ဓဘာသာ ရဟန်းတော်များ အနေနှင့် လက်ရှိဖြစ်ပျက်နေသော အခြေအနေများအား ဗုဒ္ဓ၏ လမ်းညွန်မှုဖြစ် သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ညီညွတ်ခြင်းဖြင့် မိမိအလုပ်ကို မိမိဆက်လက် လုပ်ဆောင်ရန် သီတဂူ ဆရာတော် က တိုက်တွန်းခဲ့သည်။အစိုးရနှင့် တိုင်းရင်းသားများကြားငြိမ်းချမ်းရေးရရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်းမှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင်ယူဆကြောင်းနှင့် ထိုသို့လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန်၊ လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန်...

သီတဂူဆရာတော်က အခမ်းအနားရှိ သံဃာတော်များအား ''သေးငယ်တဲ့ မတော်တဆ ဖြစ်တာတွေကို အကျယ်မချဲ့မိဖို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ မူဆလင်ဘာသာ စတဲ့ဘာသာဝင်အားလုံး ကို ဒီနေရာကနေ တောင်းပန်ပါတယ်။ဒီအရိပ်ကိုခိုပြီး ဒီသစ်ပင်ကိုမဖျက်ဆီးကြဖို့ဒီသစ်ပင်ကိုစောင့်ရှောက် ကြဖို့ တောင်းပန်ပါတယ်။ ရန်ငြိုးမဖွဲ့သင့်သည်ကို အကျယ်မချဲ့မိဖို့ လိုအပ်ပါတယ်။ အကျယ်ချဲ့ခြင်းက ငြိမ်းချမ်းရေး ပျက်စီးခြင်းရဲ့ အကြောင်း၊ ညီညွတ်မှု ပျက်စီးခြင်းရဲ့ အကြောင်းပါပဲ။ ဒီနေ့ တပည့်တော်တို့ နိုင်ငံမှာ ဒါမျိုးတွေ ခဏခဏ ဖြစ်နေတယ်။ အဲဒါတွေကို တပည့်တော်တို့တွေက ၀င်မပါမိစေဖို့ ၀င်ထိန်းပေးဖို့၊ တပည့်တော်တို့ အားလုံး ဆောင်ရွက်ကြရမှာဖြစ်တယ်။အဲဒါမျိုးတွေမှာ ၀င်ပါရင် တိုင်းမ်မဂ္ဂဇင်းက စွပ်စွဲ တဲ့ သွေးပူအောင်၊ လုပ်တဲ့အထဲ တပည့်တော်တို့ ရောက်သွားလိမ့်မယ်'' ဟု မိန့်ကြားခဲ့သည်။

အမြင်ကျယ်ကျယ်ဖြင့် အလုပ်လုပ်ဖို့ လိုအပ်ကြောင်းကိုလည်း ဟောပြောခဲ့ပြီး သံဃာတော်များ အနေနှင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၏ နောက်တွင် မည်သူရှိနေသည်ကို သိမြင်ဖို့ လိုသည်ဟုလည်း မိန့်ကြားခဲ့သည်။

ထို့နောက် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ရန် အတွက် သံဃာထု၏ နောက်တွင် International Outlook ရှိသော ပုဂ္ဂိုလ်များ၊ ဥပဒေ ပညာရှင်များပါ ရှိရန်လိုအပ်ပြီး အစိုးရ အပါအ၀င်
 ပြည်သူများပါ ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားများကြား ငြိမ်းချမ်းရေးရရန် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်းမှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင်ယူဆကြောင်းနှင့် ထိုသို့လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန်၊ လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန် ဆရာတော်က တိုက်တွန်းလိုက်သည်။

အလွန်မွန်မြတ်သော တပည့်တော်တို့ နိုင်ငံ၏ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံး လက်တွဲနေမယ် ဆိုတာကို နိုင်ငံတော် အစိုးရဘက်က စတင်နေတဲ့ အချိန်မှာ အဲဒီစနစ် မအောင်မြင်အောင်၊ အဲဒီစနစ်ကို ဖြိုခွဲဖို့ ဘာသာရေး လှုံ့ဆော်မှုတွေ ၀င်လာတယ်လို့ တပည့်တော် တွေးမိတယ်။ အဲဒီလို ကိုင်လှုပ်တိုင်း၊ တပည့်တော်တို့ မလှုပ်မိကြဖို့ လှုံ့ဆော်သူတွေရဲ့ လက်သုံးဖြစ်မသွားဖို့ အရှင်ဘုရားတို့၊ တပည့်တော်တို့အားလုံး သတိထားတော် မူကြရန် လိုအပ်ပါတယ်'' ဟု သီတဂူဆရာတော် ဘုရားကြီးက အခမ်းအနားသို့ တက်ရောက်လာသည့် သံဃာတော် ၁၀၀၀ ကျော်ကို တိုက်တွန်းခဲ့သည်။

ထို့ပြင် သီတဂူဆရာတော်ကြီးက ဇွန် ၁ ရက်ထုတ် တိုင်း(မ်) မဂ္ဂဇင်းဆောင်းပါးတွင် မြန်မာနိုင်ငံ၏ ရဟန်း တော်တစ်ပါးအား ဗုဒ္ဓဘာသာ အကြမ်းဖက်သမားဟု အဓိပ္ပာယ်ရသည့် (The Face of Buddhist Terror) အဖြစ် စွပ်စွဲဖော်ပြထားခြင်းနှင့်ပတ်သက်ပြီး အဆိုပါ ဆောင်းပါးရေးသားသူအားပြင်းပြင်း ထန်ထန် ရှုတ်ချ ကြောင်းနှင့် ရေးသားသူ၏ ရေးသားချက်များ အားလုံးကို ကန့်ကွက်ကြောင်း မိန့်ကြားခဲ့ပြီး သံဃာတော် အစည်းအဝေးကြီးတွင် သဘောထားခံယူခဲ့ရာ သြ၀ါဒခံယူပွဲသို့ တက်ရောက်လာသည့် သံဃာတော်များက သဘောတူညီခဲ့ကြသည်။

နိဂုံးချုပ်တွင် သီတဂူဆရာတော်က အမျိုးဘာသာ သာသနာကိုစောင့်ရှောက် နိုင်ရေးသည် နိုင်ငံတော်အစိုးရ နှင့် လက်တွဲ ညီညွတ်ဖို့ အရေးကြီးကြောင်း၊ ဥပဒေပညာရှင်များအဖွဲ့၊ နိုင်ငံတကာကို သိမြင်သည့် သံဃာ တော်များဖြင့် ညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း သည်းခံခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန် သံဃာတော်များအား မိန့်ကြားခဲ့သည်။

eleven media group

No comments: