Thursday, June 27, 2013

တိုင်းပြည် အတွက်၊ ပြည်သူတွေအတွက် အကောင်းဆုံး ဖြစ်အောင် မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် ကြိုးစားပြီး လုပ်ဆောင် ပေးရမည်


Thursday, 27 June 2013


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် စီမံကိန်း ကော်မရှင် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ဆက်လက် ကျင်းပသည်။

အစည်းအဝေးသို့ စီမံကိန်း ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတများဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ် များ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသများမှ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်၊ ဦးခင်မောင်စိုးတို့က စက်မှုကဏ္ဍကြီး ဖွံ့ဖြိုးတိုး တက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ဝန်ဆောင်မှု ကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်ထောင်စု ဝန်ကြီးများက တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများမှ ဥက္ကဋ္ဌများ၏တင်ပြချက်များနှင့် စပ်လျဉ်း ၍ ကဏ္ဍ အလိုက် ရှင်းလင်း ဆွေးနွေးကြသည်။

ဆက်လက်၍ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူး ထုတ်လုပ်ရေး၊ အသေး စားနှင့် အလတ်စား လုပ်ငန်းများ တိုးတက်ရေး၊ အထူးစီးပွားရေးဇုန်များ တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးသည်။

ထို့နောက် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက နိုင်ငံပိုင် စီးပွားရေး အဖွဲ့ အစည်းများ၏ လုပ်ငန်း အကောင်အထည် ဖော်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးသည်။

ယင်းနောက် စီမံကိန်း ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိဂုံးချုပ် အမှာစကား ပြောကြား ရာတွင် မိမိတို့ အစိုးရအဖွဲ့သည် စနစ်သစ် တစ်ခုကို ပြောင်းလဲ အကောင်အ ထည်ဖော် ဆောင်ရွက်ရာတွင် ပထမဆုံး အကောင် အထည်ဖော် ဆောင်ရွက်ခွင့် ရခဲ့သည့် အစိုးရအဖွဲ့ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အတွေ့ အကြုံ၊ ဒီမိုကရေစီ အလေ့ အကျင့်နည်း သော်လည်း တိုင်းပြည်အပေါ် မိမိတို့ထားရှိသည့် စေတနာ၊မိမိတို့၏ ကြိုးပမ်း ဆောင်ရွက်မှု၊နားလည် စာနာမှုရှိသည့် ပြည်သူများ၏ အားပေးကူညီမှု၊ ပြည်ပမှ ထောက်ခံအား ပေးမှု များကြောင့် မိမိတို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင် သင့်သလောက် အောင်မြင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြစ်တင် ဝေဖန်မှုများ၊ ဆန္ဒပြ တောင်းဆိုမှုများကမူ ဒီမိုကရေစီနိုင်ငံ များမှာ ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စများ ဖြစ်ပါကြောင်း၊ ဒီမို ကရေစီ ရင့်ကျက်နေသည့် နိုင်ငံများမှာ ပင်လျှင် တွေ့ကြုံရသည် ဖြစ်ပါကြောင်း၊ အပြုသဘော ဆောင်သည့် ပြည်သူများ၏ ဆန္ဒကိုမူ မိမိတို့ အလေးထား ရမည် ဖြစ်ပါကြောင်း၊ အတတ်နိုင်ဆုံး ဆန္ဒများ ပြည့်ဝအောင် ကြိုးပမ်း ဆောင်ရွက် ပေးကြရမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ပြစ်တင် ဝေဖန်မှုများကြောင့် မိမိတို့ ယနေ့ ဆောင်ရွက်နေ သည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ တုံ့ဆိုင်း သွားသည်မျိုး မဖြစ်ရအောင် သတိပြုရမည် ဖြစ်ပါကြောင်း၊

တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးသည် စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကလိုအပ်ချက် ဖြစ်သည့်အတွက် ကိုယ့်ဒေသအတွင်း တည်ငြိမ်အေးချမ်းအောင်၊ တရားဥပဒေ စိုးမိုးမှုရှိအောင် အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် တရားဥပဒေ နှင့်အညီဆောင်ရွက်ကြ ရန် လိုအပ်ပါကြောင်း၊ လွတ်လပ်မှု နှင့်အတူ တာဝန်သိမှု၊ တာဝန်ရှိမှု၊ တရားဥပဒေ လေးစားလိုက်နာမှု များကို ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့ နေအောင်လည်း အုပ်ချုပ်ရေး အပိုင်းက ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့သည် အဓိကကျသည့်
အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကမ္ဘာ့အဆင့်မီ ရဲတပ်ဖွဲ့ဖြစ်အောင် အဘက်ဘက်က မြှင့်တင် ဆောင်ရွက် ပေးရမည်ဖြစ် ပါကြောင်း၊ နိုင်ငံတကာက ရဲတပ်ဖွဲ့များ၏ တရားဥပဒေနှင့် ညီညွတ်သည့် လုပ်နည်း လုပ်ဟန် များကို နမူနာ ရယူကြ ရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုး မှုရှိလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုး တက်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အချိန် ၃၁ လသာ ကျန်ရှိပါကြောင်း၊ ယင်း ၃၁ လ တာ ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး အခြေ ခံကောင်းများ ချခဲ့ရမည် ဖြစ်ပါ ကြောင်း၊ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် ကြိုးစားပြီး လုပ်ဆောင် ပေးရမည် ဖြစ်ပါကြောင်း၊

မိမိတို့ အစိုးရ လက်ထက် နိုင်ငံရေး တည်ငြိမ်အောင် ကြိုးပမ်း ဆောင်ရွက်မှု၊ နှစ်ပေါင်း ရှည်ကြာခဲ့သည့် လက် နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် ကြိုးပမ်းဆောင်ရွက်မှု၊ အစိုးရ အဆက်ဆက် တင်ရှိခဲ့သည့် ကြွေးမြီ များထဲမှ ဒေါ်လာသန်းပေါင်း ၆ဝဝဝကျော် ပယ်ဖျက်ပေးအောင် ဆောင်ရွက်နိုင်ခဲ့မှု၊ နှစ်ပေါင်း ၂ဝခန့်တားဆီး ပိတ်ဆို့ထားသည့် စီးပွားရေး ပိတ်ဆို့ ထားမှုများကို ဖယ်ရှားနိုင်မှု၊ ဖွံ့ဖြိုးရေးအတွက်အတိုးနှုန်းသက်သာသော
 ချေးငွေများ၊ ထောက်ပံ့ငွေများ ရရှိအောင် ဆောင်ရွက်နိုင်မှုနှင့် ကမ္ဘာ့ မိသားစုဝင် နိုင်ငံတစ်နိုင်ငံအဖြစ် နိုင်ငံတကာက လက်ခံလာအောင်၊ နိုင်ငံတကာ၏ အားပေးကူညီ ထောက်ခံမှုများရအောင် ဆောင်ရွက်နိုင်ခြင်းတို့သည် သိသာမြင်သာသော အောင်မြင်မှုများ ဖြစ်သည် ဆိုသည်ကို ဘယ်သူမျှ ငြင်းမရနိုင်သော ပြယုဂ်များဖြစ်ပါကြောင်း၊ သက်သေ အထောက်အထားများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ တိုင်းပြည် အတွက် ကြိုးပမ်း ဆောင်ရွက်ချက်များသည် အမှန်တကယ် တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးရှိစေသော လုပ်ငန်းများဖြစ်သည် ဆိုသည့် ယုံကြည်မှု အပြည့်နှင့် ရှေ့ကိုဆက်လက်ပြီး ရဲရဲတင်းတင်း ဆောင်ရွက်သွား ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။

မြ၀တီ

No comments: