Wednesday, June 5, 2013
ချင်းပါတီ နှစ်ခုဖြစ်သည့် ချင်းအမျိုးသား ပါတီနှင့် ချင်းတိုးတက်ရေး ပါတီတို့ ပူးပေါင်းနိုင်ရန် လိုအပ် သည့် အချက်အလက်များကို ကော်မရှင်သို့ ဇွန်လ မကုန်မီ တင်ပြသွားမည် ဟု ချင်းအမျိုးသား ပါတီ အထွေထွေ အတွင်းရေး မှူး ဆလိုင်း ကျဲအို ဘိခ်ထောင်က ပြောကြားသည်။ အဆိုပါ ပါတီနှစ်ခု မှာ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်း ကတည်းက ပူးပေါင်း ရန် ပါတီအချင်းချင်း သဘောတူညီမှု ရရှိထား ပြီး ဖြစ်သော်လည်းရွေးကောက်ပွဲ ကော်မရှင်၏ ပါတီများ ပူးပေါင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ မရှိသေးသောကြောင့် တရားဝင် ပူးပေါင်းနိုင်ရန်စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ ရွေးကောက်ပွဲ ကော်မရှင်က မေ ၂၈ ရက် ရက်စွဲဖြင့် နိုင်ငံရေးပါတီများ ပူးပေါင်း၍ ပါတီ တစ်ခုတည်း အဖြစ် တည်ထောင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ပေး ခဲ့သည့်အတွက် အဆိုပါ ညွှန်ကြားချက်တွင် ပါဝင်သည့် လိုအပ်သော အချက်များကို ယခုလအတွင်း တင်ပြသွားမည်ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။
အဆိုပါ ညွှန်ကြားချက်တွင် ပါတီများ ပူးပေါင်းလိုပါက ယင်းပါတီ အသီးသီး၏ ဥက္ကဋ္ဌများနှင့် အတွင်းရေး မှူးများ ကိုယ်တိုင် လက်မှတ်ရေးထိုး၍ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည် ဆိုသည့် အချက်နှင့် ပါတီများ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် မှတ်ပုံတင်ခွင့် ပြုပေးရန် သဘောတူကြောင်း သက်ဆိုင်ရာ ပါတီအသီးသီး၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အစည်း အဝေး မှတ်တမ်းများကို တင်ပြရမည်ဟု ထည့်သွင်းဖော်ပြထားသည်။
ချင်းပါတီနှစ်ခု ပူးပေါင်းရန်မှာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ကော်မရှင်သို့ တင်ပြရန်သာ ကျန် ရှိတော့ကြောင်း၊ ယခုညွှန်ကြားချက် ထွက်လာပြီ ဖြစ်သည့်အတွက် သဘောတူညီချက်များ၊ ဗဟိုအလုပ် အမှုဆောင်များ၏ သဘောတူ ဆုံးဖြတ်ချက်များ၊ ခေါင်းဆောင်များ၏ ကိုယ်ရေးအကျဉ်းများ၊ ပေါ်လစီနှင့် မူဝါဒ သစ်များကို တင်ပြသွားမည်ဖြစ်ကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။
"မကြာခင် ပူးပေါင်းရေး ကော်မတီ အစည်းအဝေးခေါ်ပြီး ဒီလအတွင်းမှာပဲ ပူးပေါင်းရေး စာတမ်းကို တင်သွားဖို့ ရှိတယ်။ ဒီနှစ်လ၊ သုံးလအတွင်း အပြီးသတ်နိုင်မယ်လို့ မျှော်လင့်တယ်" ဟု ၎င်းကဆိုသည်။
ပါတီနှစ်ခု ပူးပေါင်းပြီးပါက "ချင်းအမျိုးသား တိုးတက်ရေးပါတီ" အဖြစ် မှတ်ပုံပြန်တင် သွားမည်ဖြစ်ကာ အဆိုပါ မှတ်ပုံတင် ကျပြီးပါက လက်ရှိ ရှိရင်းစွဲ ပါတီနှစ်ခုကို ဖျက်သိမ်းမည်ဖြစ်သည်။
eleven media group

No comments:
Post a Comment