Wednesday, June 26, 2013

၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာ စီစစ်တဲ့ ကော်မတီဖွဲ့ဖို့ရှိ

Wednesday, 26 June 2013


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လေ့လာစီစစ်သုံးသပ်ရေးကော်မတီ အဖွဲ့ဖွဲ့ဖို့အတွက် ရှေ့လာမယ့်တပတ် လွှတ်တော် အစည်းအဝေးအတွင်းမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

နေပြည်တော်က လွှတ်တော်အစည်းအဝေးတွေကို ပြီးခဲ့တဲ့မတ်လကနေစပြီး ၃လကြာ ရပ်နားထားတဲ့ခဲ့တာ ဖြစ်ပြီးတော့ မနေ့က ပြန်လည်စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ လေ့လာစီစစ်သုံး သပ်ရေး ကော်မတီကို ပြည်ထောင်စုလွတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းဖို့ရှိနေတယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အခုလိုပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လေ့လာစီစစ်သုံးသပ်ရေး ကော်မတီဆိုတာကို အရင်ဖွဲ့မှာပါ၊ အဲဒီကော်မတီက ဖွဲ့ပြီးမှ အဲဒီကော်မတီရဲ့ လုပ်ငန်းဆောင်တာတွေကို သတ်မှတ်မှာပါ၊ ဇူလိုင် ၁ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကျင်းပမှာ လေ၊ အဲဒီအချိန်ကျမှ လေ့လာစီစစ်သုံး သပ်ရေးကော်မတီကို ဘယ်လိုဖွဲ့မယ်ဆိုတာ သိရမှာပါ။”

ဒီကနေ့စတင်တဲ့ ပြည်သူ့လွှတ်တော်အစည်းဝေးမှာ အဆိုတခုတင်သွင်းခဲ့ပြီး ဥပဒေကြမ်းတခု ဆွေးနွေး ခဲ့တယ်လို့ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အခုလိုဆက်ပြောပါတယ်။

“ဒီနေ့ကတော့ အဆိုတခုတင်တယ်၊ ပြီးတော့ဥပဒေကြမ်းတခုဆွေးနွေးတာပေါ့၊ အထူးဇုံဒေသ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အရင်တပတ်က မပြတ်ပဲကျန်နေတဲ့ကိစ္စကို ဒီနေ့လွှတ်တော်မှာ ပြန်ပြီး တော့ အတည်ပြု ချက်ယူတာပါ၊ ပြီးတော့ ဥပဒေကြမ်းပြင်တာပါ၊ ဖျာပုံမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိုးလွင်က တင်ပြခဲ့တာပါ၊ သူ့အဆိုကို ပြည်သူ့လွတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူပြီးပါပြီ။”

အဲ့ဒါအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးလွင်တင်ပြခဲ့တဲ့ တောင်သူလယ်သမား အကျိုးစီးပွား မြင့်တင်ရေး ဥပဒေကြမ်းကို ဆွေးနွေးသွားဖို့ လက်ခံဆုံးဖြတ်ခဲ့ပြီးတော့ ဒီအဆိုကိုဥပဒေကြမ်း ကော်မတီ ကိုပို့ပြီး ဥပဒေကြမ်းကော်မတီရဲ့ သုံးသပ်ချက်နဲ့ လွှတ်တော်ကို တင်ပြသွားမှာ ဖြစ်တယ်လို့ ရေဒီယိုသြစ တြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

No comments: