Wednesday, June 26, 2013

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် JSC RAC MiG သို့ သွားရောက်လေ့လာ


Wednesday, 26 June 2013 








ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကိုမြို့သို့ ချစ်ကြည်ရေး ခရီးရောက်ရှိ နေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၄ ရက် ညနေပိုင်းတွင် မော်စကိုမြို့မှ ၁၈ဝ ကီလိုမီတာ အကွာ Lykhovitsy မြို့ရှိ JSC RAC MiG စက်ရုံသို့ သွားရောက် လေ့လာရာ JSC RAC MiG မှ Director General Sergey S. Korotkov နှင့် တာဝန် ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား အစည်းအဝေး ခန်းမတွင် Director General မှ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး The Engineering Center of the Design Bureau မှ Director Vladimir I. Barkovskiy မှ MiG-29 M/M 2 Multirole Fighter အသစ် ထုတ်လုပ်မှု အဆင့်ဆင့်အား ရှင်းလင်း တင်ပြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သိရှိလို သည်များ မေးမြန်းရာ တာဝန်ရှိသူများမှ ရှင်းလင်း တင်ပြကြသည်။ ၎င်း နောက် လေယာဉ် ထုတ်လုပ်ရေး စင်တာအတွင်း လေယာဉ်များ ထုတ်လုပ်မှု အခြေအနေကို ကြည့်ရှု လေ့လာကြရာ တာဝန် ရှိသူများမှ ရှင်းလင်း တင်ပြကြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အဆင့်မြှင့်တင် ထုတ်လုပ်ခဲ့သည့် MiG-29 M လေယာဉ် အသစ်အား စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် လွင်ဦး လိုက်ပါ၍ စမ်းသပ် ပျံသန်းမှုအား ကြည့်ရှု အားပေးသည်။ ထို့နောက် အစည်းအဝေး ခန်းမတွင်း JSC RAC MiG မှ Director General က ဗိုလ်မှူးချုပ် လွင်ဦးအား MiG-29 M လေယာဉ် မောင်းနှင်မှု အသိ အမှတ်ပြု ကတ် ပေးအပ်ပြီး ဗိုလ်မှူးချုပ် လွင်ဦးမှ ပျံသန်းမှု အတွေ့အကြုံအား ရှင်းလင်း ပြောကြား၍ JSC RAC MiG မှ တာဝန်ရှိ သူများအား သိရှိလိုသည်များ မေးမြန်းရာ တာဝန် ရှိသူများက ရှင်းလင်း ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် JSC RAC MiG မှ တာဝန်ရှိ သူများ တည်ခင်း ဧည့်ခံသော ဂုဏ်ပြု ညနေစာ စားပွဲသို့ တက်ရောက်၍ ရင်းနှီးစွာ အတူတကွ သုံးဆောင်ကြသည်။

ညနေစာ သုံးဆောင်အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ Director General Sergey S.Korotkov အား အမှတ်တရ လက်ဆောင် ပေးအပ်ပြီး Director General မှ ပေးအပ်သော MiG-29 M လေယာဉ် ပုံစံငယ်အား လက်ခံ ရယူ ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments: