Monday, June 17, 2013

မလေးရှားမှ ဇွန် ၁၅ တွင် ပြန်လာသူ ၄၅ ဦး ယခင်ကတည်းက အဖမ်းခံရသူများဖြစ်

Monday, June 17, 2013
ရန်ကုန်- မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇွန် ၁၅ ရက်တွင် ပြန်လည်ပို့ဆောင်ခံရသော မြန်မာနိုင်ငံ သား ၄၅ ဦးမှာ လတ်တလောအကြမ်းဖက် မှုဖြစ်ပွား ပြီးနောက် ဖမ်းဆီးခံရသူများ မဟုတ်ဘဲ မလေး ရှားထောင်များ တွင် ယခုနှစ်ပိုင်းကတည်း က ဖမ်း ဆီးခံထားရသူများသာဖြစ်ကြောင်းသတင်းရရှိသည်။ မလေးရှားနိုင်ငံ တွင် မြန်မာနိုင်ငံ သားများ အား အကြမ်း ဖက်မှုများ ဖြစ်ပွားပြီးနောက် မလေးရှားရဲတပ်ဖွဲ့က စာရွက်စာတမ်းမပြည်စုံသူ မြန်မာနိုင်ငံသား ၃၀၇ ဦးကို ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနဒုဝန်ကြီးဦးဇင်ယော်ကပြောသည်။ ၎င်း တို့ကို မြန်မာနိုင်ငံသို့ပြန်ပို့ရန်စီစဉ်နေသည်ဟု ဦးဇင်ယော်ကပြောကြားထားသော်လည်း ဇွန်၁၅ ရက် တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောသူများမှာ ယခင်ကတည်းက မလေးရှားထောင်များအတွင်း ဖမ်းဆီးခံထားရသူများနှင့် တရားဝင်အလုပ်လုပ် ကိုင်နေပြီး ခေတ္တခွင့်ဖြင့်ပြန်လည်ရောက် ရှိလာ သူ များဖြစ်နေသည်။

လက်ရှိအချိန်တွင် မလေးရှားရှိ မြန်မာသံရုံးမှ တရားမ၀င်နေထိုင်သူအားလုံးကို လိုအပ်သည့် အကူအညီ များပေးမည်ဖြစ်ကြောင်းနှင့်မြန်မာ နိုင်ငံမှ လေကြောင်းလိုင်းများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီး များ၏ထောက် ပံ့လှူဒါန်းမှုများ မလေးရှားသို့ ပေးပို့ထားသော်လည်း ယခုပြန်ပို့ခံရသူ၄၅ ဦးမှာ သံရုံး၏ သက်သေခံလက် မှတ်ထုတ်ပေးသည့် အကူအညီသာ ရရှိခဲ့သည်။ ထိုသို့ မြန်မာနိုင်ငံသို့ ပြန်ရန် လေ ယာဉ်လက်မှတ် ကိုလည်းမိမိစရိတ်ဖြင့်သာ ၀ယ်ယူခဲ့ရကြောင်း ဇွန် ၁၅ရက်တွင်ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ရောက်ရှိလာသည့် ပြန်ပို့ခံရသူများကဆိုသည်။

“သံရုံးက သက်သေခံလက်မှတ်စီစဉ်ပေးလို့ လေယာဉ်လက်မှတ်ခ မလေးရှားရင်းဂစ် ၆၅၀ ပေးဝယ် ပြီး ပြန်လာတာပါ။ ထောင်ထဲမှာ စုစုပေါင်း ရက်တစ်ရာနေခဲ့ရပါတယ်။ ဒီနေ့မနက် ပြန်တော့မယ်ဆိုမှ Camp ထဲက ထွက်ရတာပါ။ ကျွန်တော်တို့မှာ ပတ်စ်ပို့မရှိလို့ ဖမ်းခံရတာပါ။ ဆိုက်ထဲဝင်ဖမ်းတော့ ကျွန်တော်တို့နဲ့အတူ မြန်မာ ၄၇ယောက်အဖမ်းခံခဲ့ရပါတယ်” ဟု ပီနန်ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်ခဲ့ သည့် အုတ်ဖိုဇာတိ ကိုဇော်ဝင်းထွန်းကပြောသည်။



ပြန်ပို့ခံရသူအများစုမှာ မလေးရှားနိုင်ငံသို့ ပြန်လည်သွားရောက် လုပ်ကိုင်လိုစိတ် မရှိတော့ကြောင်း တညီညွတ် တည်း ပြောကြားခဲ့သည့်အပြင် တရားဝင်အလုပ်လုပ်ကိုင်ပါမစ်ဖြင့် သွားရောက်လုပ်ကိုင်ပြီး ခွင့်ဖြင့် ခေတ္တပြန်လာသူမြန်မာနိုင်ငံသားအများစုကလည်း ပြန်လည်သွားရောက်လိုစိတ်မရှိကြောင်း 7Day Daily ၏ မေးမြန်းမှုကို ဖြေကြားသည်။

“မလေးမှာ ဓားတွေနဲ့လိုက်ခုတ်တဲ့ ကောင်တွေက ယူအင်န်ကတ်တွေ ကိုင်ထားတဲ့ ကောင်တွေဆိုတော့ ကျွန်တော်တို့ဘက် က လုံခြုံပေမယ့်ရှောင်ရတယ်။ မြန်မာတွေ တော်တော်အထိများတယ်။ အခုပြန်ဖို့ သူဌေး စီစဉ်ပေးတာပါ။ မလေးဆိုရင်တော့ ပြန်မသွားချင်တော့ဘူး။ အခုမလေးက အရင်လိုခေတ် မကောင်းတော့ဘူး” ကလန်းမြို့ ဆိုဖာစက်ရုံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပါမစ်ဖြင့် လေးနှစ်ကြာ အလုပ် လုပ်ခဲ့သော ဟင်္သာတမြို့မှ ကိုလှမျိုးထွန်းကဆိုသည်။

ပြန်ပို့ခံရသော မြန်မာနိုင်ငံသားများတွင် အ၀တ်အစားအသုံးအဆောင်ပစ္စည်းအိတ်များလည်း မပါဝင်ဘဲ အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့်သာပြန်ရောက်လာကြခြင်းဖြစ်သည်။

“ကျွန်တော်ပတ်တနီထောင်မှာ ကိုးလပိုင်းကတည်းကထောင်ကျနေတာ။ ငါးလပိုင်း ၂ ရက်နေ့ထောင် ကထွက် ပြီး Camp မှာ ရက်နှစ်ဆယ် လောက်နေရတယ်။ ထောင်ထဲမှာ မွတ်ဆလင်နဲ့ရောထားတော့ အဆင်မပြေပါဘူး။ မကောင်းဘူးပေါ့ဗျာ။ အသက်အန္တရာယ်တင်မကဘူး။နေရထိုင်ရတာကအစ မကောင်း ဘူး။ ဖြစ် လာရင်ဘာမှ အကာအကွယ်မရပါဘူး။ ကိုယ့်အိမ်မှာကိုယ်ငါးပိရည်နဲ့ပဲ စားစားပါဗျာ။ ပြန်မ သွားတော့ဘူး” ဟု ပတ်တနီရာဘာခြံတစ်ခြံတွင် ရာဘာခြစ်ရင်း အဖမ်းခံခဲ့ရသည့် ကျောက်ဖြူမြို့မှ ကိုစိုးစိုးအောင်ကပြောသည်။

ယခုပြန်ပို့ခံရသူ ၄၅ဦးတွင် အသက်အငယ်ဆုံးအဖြစ် ၁၇ နှစ်အရွယ်မောင်ရန်နိုင်လင်းလည်း ပါဝင်ပြီး မလေးရှားနိုင်ငံ၊ ပတ်တနီသို့ ရောက်ရှိပြီး တစ်ရက်အကြာတွင် ဖမ်းဆီးခံရသူလည်းဖြစ်သည်။

“မလေးရှားရဲသုံးယောက်က ၀ိုင်းဖမ်းတယ်။ ထောင်ထဲမှာ ရဲတွေက ရိုက်တယ်”ဟု ရန်နိုင်လင်းက ပြော သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမြန်မာအထူးအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံပြီးနောက် မလေးရှားပြည်ထဲရေးဒုဝန်ကြီးက မလေးရှားထောင်များအတွင်း ဖမ်းဆီးထားသော မြန်မာနိုင်ငံ သားလေးထောင်ကျော်ကို ပြန်ပို့မည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။

ပြန်ပို့ခံရသူများသည် မြန်မာနိုင်ငံသို့ ဆက်တိုက်ဝင်ရောက်လာဖွယ်ရှိနေပြီး ဇွန် ၁၇ ရက်တွင်လည်း ဧရာ ၀တီဖောင်ဒေးရှင်း၏ စီစဉ်မှုဖြင့် မလေးရှားရောက် မြန်မာအလုပ်သမားအချို့ပြန်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal

No comments: