Sunday, June 16, 2013

၂၀၁၃-၁၄ ဘဏ္ဍာနှစ် နှစ်လတာ ကာလအတွင်း ပြည်ပပို့ကုန် တင်ပို့မှု ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် လျော့ကျ

Sunday, 16 June 2013
၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဧပြီ၊ မေ နှစ်လတာ ကာလ အတွင်း နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများ မှ ပြည်ပပို့ကုန် တင်ပို့မှုမှ ရရှိငွေ ပမာဏမှာ ယခင် ဘဏ္ဍာနှစ် နှစ်လတာ ကာလတင်ပို့မှုထက် အမေ ရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် လျော့နည်းရရှိ ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံး သူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ ပြည်ပပို့ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၂ ဒသမ ၆၆၆ သန်း ရရှိခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ဧပြီ၊ မေနှစ်လ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၈၆ ဒသမ ၃၁၅ သန်း ရရှိခဲ့သဖြင့် ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ ၁၈၃ သန်းကျော် လျော့နည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက် ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချော အစရှိသည့် ကုန်ပစ္စည်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ပြည်ပသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာရေးနှစ်အတွင်း သတ္တုတွင်းထွက်၊ တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှုမှ ၀င်ငွေလျော့နည်း ရရှိခဲ့ခြင်းဖြစ်ပြီး သတ္တုတွင်းထွက် တင်ပို့မှု တစ်ခုတည်းမှပင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် လျော့ နည်းခဲ့ခြင်းဖြစ်သည်။ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့ခြင်းမှလည်း အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် လျော့ နည်းရရှိခဲ့ကြောင်း သိရသည်။



တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှု လျော့နည်းရခြင်းမှာ တရုတ်နိုင်ငံကမြန်မာနိုင်ငံမှ အသားနှင့် အသားထွက်ကုန် တင်သွင်းမှုကို ပိတ်ပင်ထားခြင်းကြောင့် တရားဝင် တင်ပို့မှုမှာ လျော့ နည်းနေခြင်းဖြ စ်ကြောင်း သိရသည်။

ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ရရှိငွေ လျော့ကျနေသော်လည်း သွင်းကုန်တင်သွင်းမှု အပိုင်းတွင်မူ ယခင်ဘဏ္ဍာနှစ် နှစ်လတာကာလ တင်သွင်းမှုထက် အမေရိကန်ဒေါ်လာ ၈၆ သန်းကျော် ပိုမိုခဲ့ကြောင်း သိရသည်။ ယခု ဘဏ္ဍာရေးနှစ် ဧပြီ၊ မေနှစ်လတာကာလ ပြည်ပမှ အမေရိကန်ဒေါ်လာ ၃၁၁ ဒသမ ၆၉၄ သန်းကျော်ဖိုး တင်သွင်းခဲ့ပြီး ယခင်နှစ် နှစ်လတာကာလက အမေရိကန်ဒေါ်လာ ၂၂၅ ဒသမ ၃၉၀ သန်းဖိုးသာ တင်သွင်းခဲ့သဖြင့် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၈၆ သန်းကျော်ဖိုး ပိုမိုတင်သွင်းခဲ့သည်။

eleven media group

No comments: