Wednesday, June 26, 2013

PR စနစ် ပြောင်းလဲကျင့်သုံးရန် အချိန်စောလွန်းသည်ဟု နိုင်ငံတော် သမ္မတ မှတ်ချက်ပြုထား

Wednesday, 26 June 2013


လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် PR (အချိုးကျ ကိုယ်စားပြုစနစ်)ပြောင်းလဲကျင့်သုံးရန် အချိန်စောလွန်း နေသေးသည်ဟု နိုင်ငံတော် သမ္မတက မှတ်ချက်ပြု ပြောကြားသည်ကို သိရကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ဇွန်လ ၂၅ ရက်တွင် လွှတ်တော်အစည်းအဝေး မစတင်မီ သတင်းထောက်များကို ပြောကြားသည်။

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် PR စနစ် ပြောင်းလဲကျင့်သုံးရန် တိုင်းရင်းသားပါတီ အများစုနှင့် ပြည်ခိုင်ဖြိုးပါတီဝင် အများစုမှာ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ လက်ရှိပြုလုပ်လျက်ရှိသည့် လွှတ်တော်အစည်း အဝေးတွင် ယင်းစနစ်နှင့် ပတ်သက်၍ တင်ပြဆွေးနွေးမည် ဖြစ်သော်လည်း ရှုံးနိမ့်နိုင်ကြောင်းလည်း သူရဦးအောင်ကိုက ပြောကြားသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အဆိုတင်ကြ ပါလိမ့်မယ်။ ဆွေးနွေးမဲခွဲ ဆုံးဖြတ်ကြပါလိမ့်မယ်။ ဒါပေမယ့် ပြည်ခိုင်ဖြိုး ပါတီဝင်က အများစုဖြစ်တဲ့အတွက် ကျွန်တော်ထင်ပါတယ်။ ကန့်ကွက်မှုတွေနဲ့ ပွက်လောရိုက်သွားနိုင်ပါတယ်" ဟု သူရဦးအောင်ကိုက ပြောကြားသည်။

လွှတ်တော်တွင် PR စနစ်နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ၂၅ ရာခိုင်နှုန်း ရှိသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည်လည်း သမ္မတကြီး၏ သဘောထား အတိုင်းသာ ဖြစ်နိုင်သည်ဟု ၎င်းက
သုံးသပ်သည်။

ယင်းစနစ်အပေါ် ၎င်း၏သဘောထား မှတ်ချက်ကို မေးမြန်းရာ အများသဘောထား အတိုင်းပါဟု သူရဦးအောင်ကိုက သတင်းထောက်များကိုပြန်လည်ဖြေကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ အချိုးကျ ကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးရန်နှင့် ပတ်သက်၍ ဆွေးနွေး မှုများပြုလုပ်ခဲ့သော်လည်း မည်သည့်ဆုံးဖြတ်ချက်မှ မချမှတ်ခဲ့ကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဇွန်လ ၂၄ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

လက်ရှိရွေးကောက်ပွဲ စနစ်အရ မဲဆန္ဒနယ် တစ်ခုတွင် မဲအများဆုံး ရရှိသူကသာ အနိုင်ရရှိမည်ဖြစ်ပြီး ကျန်ကိုယ်စားလှယ်လောင်းများမှာ ကိုယ်စားလှယ်ဖြစ်ခွင့် မရှိချေ။

သို့ရာတွင် PR စနစ်၌ ပါတီတစ်ခုမှ ကိုယ်စားလှယ်လောင်း တစ်ဦးသည် မိမိမဲဆန္ဒနယ်တွင် အနိုင်မရ ရှိသော်လည်း အခြားမဲဆန္ဒနယ်များမှ ပါတီကိုယ်စားပြု မဲများဖြင့် ကိုယ်စားလှယ်ဖြစ်ခွင့် ရရှိနိုင်မည် ဖြစ်ကြောင်းနှင့် PR စနစ် သုံးစွဲပုံစနစ်မှာ အမျိုးမျိုးရှိပြီး ရှုပ်ထွေးကြောင်းလည်း သိရသည်။

ထို့ပြင် လက်ရှိကျင့်သုံးနေသည့် ရွေးကောက်ပွဲ စနစ်မှ PR စနစ်သို့ ပြောင်းလဲကျင့်သုံးမည်ဆိုပါက အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်အတွင်း ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဇွန် ၁၄ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။

eleven media group

No comments: