Tuesday, 11 June 2013
နိုင်ငံတော်သမ္မတနှင့် RCSS/SSA တို့ ဇွန် ၁၀ ရက်က နေပြည်တော်ရှိ တောင်သူပညာပေး ဧက ၅၀၀ စက်မှုလယ်ယာ စံပြစိုက်ခင်း အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံရာတွင် သဘောတူညီ ချက်များ၊ လက်မှတ်ရေးထိုးမှုများ မရှိသေးဘဲ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စများကိုသာ အဓိကထား ဆွေးနွေးခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှု၌ နိုင်ငံတော်သမ္မတက တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း စားပွဲဝိုင်းတွင် တွေ့ ဆုံနိုင်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရကြောင်း၊ တစ်နိုင်ငံ အတွင်းမှာ အတူမွေးဖွား ကြီးပြင်း လာသူ များဖြစ်၍ ဤနိုင်ငံကို မိမိတို့ပိုင်ဆိုင်သလို ဦးရွက်ဆစ်တို့ ရှမ်းတိုင်းရင်းသားများလည်း ပိုင်ဆိုင်ပါကြောင်း၊ တိုင်းပြည်အတွက် တူညီသည်များကို လက်တွဲပူးပေါင်း ဆောင်ရွက်ပြီး မတူညီသည်များကို စိတ်ရှည်သည်းခံ အချိန်ယူ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာသည့် နိုင်ငံရေး ပုံစံသစ်ကိုသွားလိုကြောင်း၊ နယ်မြေဒေသအားလုံး အေးချမ်းသွားပါက နေပြည်တော် (သို့မဟုတ်) အခြား သင့်တော်သော နေရာ တစ်ခုတွင် ငြိမ်းချမ်းရေး အဖွဲ့အားလုံး ပါဝင်သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်ချက်အရ သိရှိရသည်။
''အဓိက ဆွေးနွေးဖြစ်တာကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုတွေကိုရှေ့အနာဂတ်မှာ ဘယ်လို လက်တွဲ ဆောင်ရွက်နိုင်မလဲ ဆိုတာတွေ အဓိက ဆွေးနွေးဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြောင့် တိုင်းပြည် ဖွံ့ဖြိုးမှုနောက်ကျနေခဲ့တယ် ဆိုတာတွေကို သမ္မတကြီးနဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံဖြစ်ဖို့နဲ့ ပြည်သူတွေ လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့ တင်ပြဆွေးနွေးခဲ့ပါတယ်'' ဟု ဒုတိယ ဗိုလ် ချုပ်ကြီး ရွက်ဆစ်က ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထာဝရ တည်တံ့နိုင်ရေးအတွက် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ကို ဖြေရှင်းနိုင် ရန် ငြိမ်းချမ်းရေး ကြည့်ရှုစောင့်ရှောက်ရေးကော်မတီဖွဲ့စည်းရန် တင်ပြမှုကို နိုင်ငံတော်သမ္မတက လက်ခံ ခဲ့ကြောင်း သိရသည်။
RCSS/SSA အဖွဲ့နှင့် အစိုးရ အပစ်အခတ် ရပ်စဲရေး သဘောတူညီပြီးနောက်ပိုင်းတွင် တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပွားမှုများသည် ယုံကြည်မှု လျော့နည်းခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
''ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါး စိုက်ပျိုးမှု တိုးလာတာက ပြည်ထောင်စုကြီး အရေးပါပဲ။ လုပ်ကိုင်စားေ သာက်နိုင်မယ့် စီးပွားရေး လုပ်ငန်းတွေ တိုးတက်လာမည် ဆိုပါက လျော့ကျသွားမည် ဖြစ်ကြောင်း'' ၎င်းက ပြောကြားသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်မှုများတွင် တပ်မတော်၏ အခန်းကဏ္ဍသည် များစွာအရေးကြီးကြောင်း၊ ဖိနှိပ် မှုတွေရှိနေရင် ငြိမ်းချမ်းရေးရဖို့ မလွယ်ကူကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုများ လမ်းကြောင်း မှန်ပေါ်ရောက်နေပြီ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် အဘက် ဘက်က ပြည့်စုံပြီး ပြည်သူ အားလုံး လက်ခံနိုင်သည့် အခြေခံဥပဒေဖြစ်ရန် လိုအပ်ကြောင်း ပြောကြားသည်။
''သမ္မတကတော့ ပြောပါတယ်။ ပြည်ထောင်စုစစ်စစ်ဖြစ်အောင် ကြိုးစားနေတယ် ဆိုတာပြောပါတယ်။ သူတစ် ဦးတည်းနဲ့ လုပ်လို့မရပါဘူး။ ပြည်သူတွေ အားလုံးမျှော်လင့်တာက ဒီမိုကရေစီနဲ့ အုပ်ချုပ်တဲ့ ဖက်ဒ ရယ်နိုင်ငံ တည်ထောင်နိုင်ဖို့ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဆက်လက် ဆောင်ရွက်သွားမှာပါ'' ဟု ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်ကပြောကြားခဲ့သည်။
eleven media group

No comments:
Post a Comment