Sunday, June 16, 2013

UMFCCI အမှုဆောင်သစ် ပြန်လည်ရွေးချယ်၊ ဦးဝင်းအောင် (ဒဂုံအင်တာနေရှင်နယ်) သာ ဥက္ကဋ္ဌသစ်နေရာ ထပ်မံရရှိ

Sunday, 16 June 2013
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကုန် သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI) ၏ ၂၀၁၃-၂၀၁၆ သက်တမ်း အတွက် အမှုဆောင် သစ်များအား ပြန်လည်ရွေး ချယ်ရာတွင် ဦးဝင်းအောင် (ဒဂုံအင်တာနေရှင် နယ်)သာ ဥက္ကဋ္ဌသစ်နေရာ ထပ်မံရရှိသွားကြောင်း သိရသည်။ ဦးဝင်းအောင်အပြင် သားဖြစ်သူ ဦးသူရိန်အောင်နှင့်Dagon International ကုမ္ပဏီ အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်သည့် ဦးကျော်ဇောအောင်တို့ပါ အလုပ်အမှုဆောင်အဖြစ် ရွေးချယ် ခံခဲ့ရသည်ဟု သိရသည်။

ဇွန် ၁၅ ရက်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI အသင်းချုပ်ရုံးတွင် အမှုဆောင် သစ် ရွေးချယ်ပွဲကို ကျင်းပခဲ့ကြောင်းနှင့် ဥက္ကဋ္ဌနေရာ အပါအ၀င် ဗဟိုအလုပ်မှုဆောင် ၅၆ ဦး ရွေးချယ်ခဲ့ရာ ယခင်လူဟောင်းများသာ ဗဟိုအလုပ် အမှုဆောင်အဖြစ် အများစု ပြန်လည်ရွေးချယ် ခံခဲ့ရသည်။

အသင်းဝင်များထဲမှ ၀င်ရောက်ယှဉ်ပြိုင်သူ ၁၉၉ ဦးရှိပြီး ၁၉၉ ဦးထဲမှ ၆၉ ဦးအား အလုပ်အ မှုဆောင်အဖြစ် ရွေးချယ်ခဲ့ကြောင်း၊ UMFCCI ၏ ညီနောင်အသင်း ၆၉ သင်းမှ အလုပ်အမှုဆောင် ၆၀ စုစုပေါင်း ၁၂၉ ဦးအား အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခဲ့သည်။

ယင်းနောက်တွင် အဆိုပါ ၁၂၉ ဦးထဲမှ ဗဟိုအလုပ်အမှုဆောင် ၅၆ ဦးအား ရွေးချယ်ခဲ့ပြီး ၅၆ ဦးထဲမှ ဥက္ကဋ္ဌတစ်ဦး၊ ဒု-ဥက္ကဋ္ဌ ခုနစ်ဦး အပါအ၀င် သက်ဆိုင်ရာ နေရာအဆင့်အလိုက် ပြန်လည်ရွေးချယ်ခြင်း ဖြစ် သည်။



အမှုဆောင်သစ် ရွေးချယ်ပွဲအား ဇွန် ၁၅ ရက် နံနက် ၈ နာရီမိနစ် ၃၀ မှ စတင်ကျင်းပခဲ့ရာ၌ ည ၁၂ နာရီခွဲမှသာ ဥက္ကဋ္ဌနေရာအား ရွေးချယ်ပြီးစီးခဲ့ကြောင်း၊ ယင်းနောက်တွင်မှ ဒု-ဥက္ကဋ္ဌ ခုနစ်နေရာနှင့် အခြားအဆင့်နေရာများအား ထပ်မံရွေးချယ်ခဲ့ပြီး နောက်တစ်ရက်နံနက် ၃ နာရီ ၀န်းကျင်အထိ ကြာမြင့်ခဲ့သည်။

ဒု-ဥက္ကဋ္ဌများအဖြစ် ဦးဇော်မင်းဝင်း၊ ဒေါက်တာမျိုးသက်၊ ဒေါက်တာမြဟန်၊ဒေါက်တာမောင်မောင်လေး၊ ဦးသိန်းဟန်၊ ဦးဝေဖြိုး (လူငယ်)၊ ဦးလှမောင်ရွှေတို့ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ရွေးချယ်ပွဲနှင့် ပတ်သက်၍ အလုပ်အမှုဆောင် တစ်ဦးက "ရွေးတဲ့ စနစ်ကတော့ ၉၅ ရာခိုင်နှုန်း ဒီမိုကရေစီ ဆန်ပါတယ်။ ဒါပေမဲ့ အုပ်စုဖွဲ့ပြီး မဲရဖို့ လုပ်တာကတော့ လူနဲ့ပဲ ဆိုင်မယ်ထင်ပါတယ်" ဟု သုံးသပ်ခဲ့သည်။

UMFCCI ၏ ဥက္ကဋ္ဌရာထူး အပါအ၀င် ထိပ်ပိုင်းနေရာ ရရှိသူများမှာနိုင်ငံ့စီးပွားရေးအတွက်၊ နိုင်ငံအတွက် ဦးဆောင်လုပ်ကိုင် ရမည့်သူများဖြစ်သော်လည်း ယခုထိပ်ပိုင်းနေရာ ပြန်လည်ရရှိ သူများထဲတွင် လုပ်ငန်းအရှုံးပြကာ နိုင်ငံတော်သို့ အခွန်ကျပ် သိန်းထောင်ချီကာ ရှောင် တိမ်းခဲ့ဖူးသူအချို့ ပြန်လည်ပါဝင် လာသည်ဟု သိရသည်။

eleven medai group

No comments: