Tuesday, July 9, 2013
ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာတွင် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်း က အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် နိုင်ငံတကာသံဃာတော်များက ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကာ မဟာဗောဓိပင်အောက်၌လည်း ငြိမ်းချမ်းရေး ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုကို ငြိမ်းချမ်းစွာ ကန့်ကွက်တဲ့ပွဲမှာ အိန္ဒိယ ကျောင်းသား သမဂ္ဂ၊ မြန်မာ ရဟန်းတော် အပါး ၄၀ ကျော်အပါအ၀င် နိုင်ငံတကာ သံဃာတော် အပါး ၆၀၀ ကျော်တို့ ယမန်နေ့ ညနေပိုင်းက ငြိမ်းချမ်းရေး ဆု တောင်းမှုများ လုပ်ဆောင်ခဲ့ကြတာပါ။
အဲဒီ ငြိမ်းချမ်းစွာ ဆန္ဒပြုတဲ့ ပုံရိပ်တွေမှာ ဗုဒ္ဓဘာသာရဲ့ ငြိမ်းအေးမှု၊ ရန်မလိုမှု၊ တည်ငြိမ်မှုတွေကို မြင်တွေ့ ရမှာဖြစ်သလို ဗုဒ္ဓ၏ သား ရဟန်းတော်များရဲ့ မေတ္တာတရားနဲ့ လုပ်ဆောင်ချက်တွေကို ခန့်မှန်းနိုင် ကြပါလိမ့် မယ်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့တဲ့ မြန်မာရဟန်းတော်ရဲ့ ကျန်းမာရေး အခြေအနေလည်း ယနေ့မှာ ပိုမို ကောင်းမွန်လာ တယ်လို့ အတူနေရဟန်းဖြစ်သူက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် အသိပေးထား ပါတယ်။
ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး CCTV မှတ်တမ်း ရုပ်/သံကိုလည်း ယမန်နေ့က ထုတ်ပြန်ပြီး သံသယဖြစ်သူ ၂ ဦး ရဲ့ ခဲ ပန်းချီ ပုံဖော်ထားမှုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အိန္ဒိယသတင်းတွေ အဆိုအရ အိန္ဒိယရှိ မူဂျာဟစ်အုပ်စုဝင်လို့ ယူဆရသူ သံသယ ဖြစ်သူ တဦးကိုတော့ ရဲက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဂယာနယ်မြေဟာ ကမ္ဘာ့ သမိုင်းအမွေအနှစ်၊ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ယူနက် စကို UNESCO က သတ်မှတ်ထားခြင်း ခံထားရပါတယ်။
ဧရာဝတီblog





No comments:
Post a Comment