Saturday, 27 July 2013
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေဆဲ ဖြစ်သော အင်္ဂလိပ် အစိုးရလက်ထက်က ရေးဆွဲခဲ့သည့် ၁၉၁၄ ခုနှစ် ကုမ္ပဏီများအက်ဥပဒေမှာခေတ်နှင့်လျော်ညီမှုမရှိသည့်အတွက် မကြာမီကုမ္ပဏီများ ဥပဒေသစ်အား မြန်မာ ဘာသာဖြင့် ပြန်လည်ရေးဆွဲတော့မည် ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနမှ ရရှိသော သတင်းများအရ သိရသည်။
''မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေဆဲ ဖြစ်တဲ့ ကုမ္ပဏီများ အက်ဥပဒေဟာ အင်္ဂလိပ် အစိုးရလက်ထက် ၁၉၁၄ ခုနှစ်က ရေးဆွဲခဲ့တာဖြစ်လို့ အခုအချိန်မှာတော့ လွန်ခဲ့တဲ့ ၉၉ နှစ်လောက်က ရေးဆွဲခဲ့တာဆိုတော့ ခေတ်မမီတော့ပါဘူး။ ဒါကြောင့် မကြာခင်မှာ ကုမ္ပဏီများ ဥပဒေသစ်အား စတင်ရေးဆွဲ သွားတော့မှာပါ။ ဒီလိုရေးဆွဲတာမှာ နောက်ထပ်အကြောင်းတစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ ကုမ္ပဏီတွေကို အွန်လိုင်း ကနေ မှတ်ပုံတင်ခွင့်ပြုနိုင်ဖို့ ပြင်ဆင်နေပါပြီ။ ဒီလိုပြင်ဆင်တဲ့ အခါမှာ Company Act ကြီးကို သွားပြီးတော့ ဒီဥပဒကို ကိုးကားပြီးမှ အွန်လိုင်းကို ပြင်ဆင်တဲ့အခါ အချို့ကိစ္စတွေမှာ အကြောင်းကိစ္စ တစ်စုံတရာ ပေါ် လာရင် တရားရုံးသွားရတာ၊ ကျမ်းသစ္စာ ပြုရာတာတွေ ရှိတယ်။ ဒီကိစ္စတွေက အွန်လိုင်းနဲ့သွားရင် ဘယ်လို မှ လုပ်လို့မရတော့ဘူး။ ဒါကြောင့် အသစ်ပြန်ပြီး ရေးဆွဲဖို့ စီစဉ်တာပါ'' ဟု မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ဥပဒေအား ပြန်လည်ရေးဆွဲရာတွင် လက်ရှိမြန်မာနိုင်ငံ၏ ရုံးသုံးဘာသာ စကားဖြစ်သော မြန်မာ ဘာသာဖြင့်သာ ဥပဒေကိုရေးဆွဲမည်ဖြစ်ကြောင်း၊ပြီးမှသာ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသွားမည်ဖြစ်ကြောင်း လည်း သိရှိရသည်။
''ကျွန်တောတို့က ဥပဒေကို အသစ်ပြန် ရေးရမယ်။ ပြီးရင် အွန်လိုင်းနဲ့ မှတ်ပုံတင်တဲ့ကိစ္စကို ဆောင်ရွက်ရ မှာပါ။ ဒါကြောင့် ဒီနှစ်ခုလုံးနဲ့ ပတ်သက်ပြီး အာရှဖွဲ့ဖြိုးရေးဘဏ် ADB ကိုလည်း အကူအညီ တောင်းထားပါ တယ်။ ကျွန်တော်တို့ အွန်လိုင်းကို သွားဖို့အတွက် Technical Assistant လိုသလို၊ Financial Assistant လည်း လိုပါတယ်။ ADB ကလည်း အကူအညီပေးဖို့ သဘောတူပြီး သွားပါပြီ'' ဟု ဦးအောင်နိုင်ဦးက ဆက်လက် ပြောကြားသည်။
လက်ရှိဥပဒေကို ပြင်ဆင်ခြင်း မလုပ်ဘဲ အသစ်ပြန်လည် ရေးဆွဲခြင်းမှာ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက် ညီအောင် လုပ်ဆောင်သွားချင်သောကြောင့်ဖြစ်ကြောင်း၊ ADB မှ နိုင်ငံတကာပညာရှင်များ၊ မြန်မာနိုင်ငံ တွင်ရှိသော ဌာနအသီးသီးမှ ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိက နယ်ပယ်အသီးသီးမှ ပညာရှင်များ ပူပေါင်းရေး ဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
eleven media group
No comments:
Post a Comment