Tuesday, July 9, 2013
သြစတြေးလျနိုင်ငံကို ခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ လှေတစ်စီး ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတုန်း ကုန်တင် သင်္ဘောတစ်စီး ကယ်တင်ခဲ့ပေမယ့် ဒုက္ခရောက်သူတွေကနေ အကြပ်ကိုင်ပြီး သူတို့ကို သြစတြေးလျနိုင်ငံ ပို့ဆောင်ဖို့ အတင်းအကြပ်ပြောဆိုတဲ့အတွက် အကြပ်ကိုင်သူတွေ ပြစ်ဒဏ်ပေးခံရနိုင်တယ်လို့ သြစတြေးလျ အစိုးရက ပြောပါတယ်။
ခိုလှုံခွင့်တောင်းလိုသူ ၃၆ ယောက် ပါဝင်လာတဲ့ လှေတစ်စီးကို စင်္ကာပူနိုင်ငံကို ဦးတည်မယ့် ကုန်တင် သင်္ဘောတစ်စီးက ကယ်တင်ပြီး သူတို့နဲ့ နီးစပ်ရာ အင်ဒိုနီးရှားနိုင်ငံကို ပို့ဖို့ စီစဉ်ခဲ့ပေမယ့် ခိုလှုံခွင့်တောင်း လိုသူတွေက သူတို့ကိုသာ အင်ဒိုနီးရှားနိုင်ငံကို ပို့ဆောင်မယ်ဆိုရင် မိမိကိုယ်ကို သတ်ပြစ်မယ်လို့ ခြိမ်းခြောက်ပြီး သူတို့ကို သြစတြေးလျနိုင်ငံ ခေါ်သွားဖို့ အကြပ်ကိုင် ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စက သြစတြေးလျနိုင်ငံမှာ အကြီးအကျယ် ပွက်လောရိုက်နေပြီး ဒီလို အပြုအမှုမျိုးကို လက်မခံနိုင်ဘူးလို့ ပြောနေကြပါတယ်။
သြစတြေးလျနိုင်ငံသား မဟုတ်သူတွေရဲ့ ရူးသွပ်တဲ့ ဆုံးဖြတ်ချက်အတိုင်း သြစတြေးလျ အစိုးရအနေနဲ့ လုပ်ဆောင်ဖို့မလိုတဲ့အကြောင်း ဒီလူတွေအပေါ် အစိုးရ တာဝန်မယူသင့်ဘူးလို့လည်း အတိုက်အခံပါတီခေါင်းဆောင် တိုနီအားဘော့တ်က ပြောလိုက်ပါတယ်။
သြစတြေးလျအစိုးရကတော့ ဒီလို အကြပ်ကိုင်မှု လုပ်ခဲ့တဲ့ ခိုလှုံခွင့်တောင်းလိုသူတွေကို သြစတြေးလျရဲတွေ က စုံစမ်းစစ်ဆေးမှု လုပ်နေပြီး ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။
ခိုလှုံခွင့်တောင်းလိုသူတွေဟာ ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့ လူတွေကို ကယ်တင်ရမယ်ဆိုတဲ့ ကျင့်ဝတ်အတိုင်း သဘောင်္တွေက ကယ်တင်တာကို အခွင့်ကောင်းယူ၊ သင်္ဘောအမူထမ်းတွေကို ခြိမ်းခြောက်မှုလုပ်ပြီး အတင်းအဓမ္မ သြစတြေးလျနိုင်ငံကို လာနေကြတာလို့သြစတြေးလျနိုင်ငံသားအတော်
များများက ယူဆနေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်တုန်းကလည်း ခိုလှုံခွင့်တောင်းလိုသူ အယောက် ၅၀၀ လောက်ပါလာတဲ့ လှေတစ်စီး ဒုက္ခရောက်နေတာကို ကယ်တင်ခဲ့တဲ့ MV Tampa လို့ခေါ်တဲ့ သင်္ဘောတစ်စီးဟာလည်း အလားတူ ဖြစ်ရပ် မျိုး ကြုံခဲ့ရပြီး ခိုလှုံခွင့်တောင်းလိုသူတွေကို သြစတြေးလျနိုင်ငံ ပို့ဆောင်ပေးခဲ့ရပါတယ်။
ABC Radio Australia

No comments:
Post a Comment