Tuesday, July 9, 2013
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေမှုကြမ်းမှာ ကော်မရှင်အနေနဲ့ ထောင်တွေကိုထဲကို ၀င်ပြီးစစ်ဆေးတဲ့ အခါမှာ ကြိုတင် ခွင့်ပြုမိန့် တောင်းရမယ်ဆိုတဲ့ အချက်ကို ဝေဖန် ပယ်ချမှုတွေ ထွက်ပေါ် နေပါတယ်။
ဥပဒေတွေဟာ ဖွဲ့စည်းပုံနဲ့ မဆန့်ကျင်ဖို့ လိုသလို၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့လည်း ကိုက်ညီဖို့လိုတယ်လို့ ဥပဒေ ရေးရာ ကျွမ်းကျင်သူတွေကလည်း ပြောပါတယ်။
အများပြည်သူ လေ့လာနိုင်ဖို့ ချပြလာတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေမှုကြမ်းနဲ့ ပတ်သက်ပြီး ရေဒီယို သြစတြေးလျ သတင်းထောက် မဝေစန္ဒာကျော်က ပြောပြမှာပါ။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်မှာ မြန်မာနိုင်ငံအမျိုးသားလှု့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခဲ့တာပါ။
ဒီကော်မရှင်ကို ဖွဲ့စည်းပြီးတဲ့ အချိန်ကစလို့ အခုထိ တိကျတဲ့ဥပဒေတွေကို ပြဌာန်းထားတာလည်း မရှိသေး ပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့မှတော့ ဒီ မြန်မာနိုင်ငံ အမျိုးသားလှုအခွင့်အရေးကော်မရှင် နဲ့ ပတ်သက်ပြီး ဥပဒေကြမ်းတစ်ရပ် ကို ပြည်သူသိဖို့ ဖော်ပြလာတာပါ။
အခုပေါ်ပေါက်လာတဲ့ ဥပဒေကြမ်းမှာ လူ့အခွင့်အရေးကော်မရှင်အတွက် လုပ်ပိုင်ခွင့်တွေ ပေးထားပေမဲ့ ကော်မရှင်အနေနဲ့ ထောင်တွေထဲကို ၀င်ပြီးစစ်ဆေးတဲ့အခါမှာ ကြိုတင် ခွင့်ပြုမိန့် တောင်းရမယ်ဆိုတဲ့ အချက်ဟာ သဘာဝ မကျဘူးလို့(မြန်မာနိုင်ငံ) လူ့အခွင့်အရေး ပညာပေးဌာနက ဒါရိုက်တာ ဦးအောင်မျိုးမင်း ကပြောပါတယ်။
ပထမဆုံး အချက် ကတော့ ဒီ အကျဉ်းထောက်တွေ သွားရောက်စစ်ဆေးခွင့် ရရှိတဲ့ဟာကို ကြိုဆိုပါတယ်။ ကြိုတင် ခွင့်ပြုချက်ရမှသွားရမယ်ဆိုတာကိုတော့ သိပ်ပြီး သဘောမကျဘူးဗျ။ ဒီလိုဆိုရင် အမှန်အတိုင်း အမြင်ရပဲ ကြိုတင် လုပ်ဆောင်သွား နိုင်တဲ့သဘောမျိုး ဟန်ပြလို ဖြစ်နိုင်တဲ့အတွက် ဒီလို မဖြစ်ဖို့ လိုတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ်အိုဟေး ကင်တားနား က မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ အကျဉ်းထောင်တွေထဲကို သွားတဲ့ကိစ္စမှာ နိုင်ငံတော် သမ္မတအထိ ခွင့်ပြု ချက်တောင်းပြီးမှ သွားရတာမျိုး ရှိနေတယ်ဆိုတဲ့အချက် အပေါ်မှလည်း ဝေဖန် ထောက်ပြခဲ့ဖူးပါတယ်။
ဒါအပြင် လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ရှိလာပြီဆိုတာကို စစ်ဆေးတွေ့ရှိရပြီဆို၇င် အပြစ် ရှိသူကို သီးခြား အပြစ်ပေးနိုင်တဲ့ ရုံး တစ်ခု ရှိဖို့ ကိုလည်း ဥပဒေထဲမှာ ထည့်သွင်း ဖို့ လိုတယ်လို့ သူကပြောပါတယ်။
အားကောင်းလာတဲ့ လူ့ အခွင့်အရေးကော်မရှင်နဲ့အတူ၊ ချမှတ် စီရင်နိုင် တရားရုံးမျိုး ၊ လူအခွင့်အရေးကို ကာကွယ်နိုင်တဲ့ အခြေခံ တရားရုံး မျိုးရှိမယ်ဆိုရင် တိကျတဲ့ အရေးယူမှု တွေ ဖြစ်လာနိုင်မှာ ဖြစ်လို့ ကြိုးစားသွားစေချင်ပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင် ကို သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း မှ စတင်ဖွဲ့ စည်း ခဲ့တာဖြစ်ပြီး တော့ အစောပိုင်း ကာ လ စစ်အာဏာရှင် အစိုးရတွေ လက်ထက် တောက်လျောက်
မှာတော့ မြန်မာနိုင်ငံ အတွင်းမှာ လူ့ အခွင့်အရေး ချိုးဖောက်မှု တွေ အများအပြား ရှိခဲ့တယ်ဆိုပြီးတော့ နိုင်ငံတကာ က ပစ်တင်ဝေဖန် ခဲ့တာပါ။
ဥပဒေ အသစ် တစ်ခု ကို ပြဌာန်းတော့ မယ်ဆိုရင် ဥပဒေတွေဟာ ဖွဲ့စည်းပုံ နဲ့ မဆန့်ကျင်ဖို့ လိုသလို၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ လည်း ကိုက်ညီ ဖို့ လိုတယ်လို့လည်း ရှေ့နေများ ကွန်ယက် က တရားလွှတ်တော် ရှေ့နေ ဦးကိုနီ က ပြောပါတယ်
ဥပဒေ တစ်ခု ရေးတိုင်းရေးတိုင်းမှ အခြေခံစံနှုန်းတော့ ရှိတာပေါ့ဗျာ။ နံပတ် ၁ ကတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းနဲ့ မဆန်ကျင်ဖို့ နဲ့နိုင်ငံမှာ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံနဲ့ ကိုက်ညီဖို့ လိုတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ လွတ်လပ်စွာ လူ့အခွင့်အရေးကိစ္စတွေကို ဆောင် ရွက်တာ ဖြစ်ပေမဲ့ အသွင်ကူးပြောင်းစ နိုင်ငံတစ်ခုရဲ့ အတိုင်းအတာအရ လုပ်ကိုင်ရတဲ့ နေရာမှာ ကွာခြား မှုတွေတော့ရှိတယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဌ ဦးဝင်းမြ က ပြောဆိုခဲ့ဖူး ပါတယ်။
ABC Radio Australia

No comments:
Post a Comment